NCA တွင် အားလုံးပါဝင်နိုင်ရေးမူကိုဆွဲကိုင်သွားမည်ဟု KNPP ဆုံးဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA တွင် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အားလုံးပါဝင်ရေး ဆိုသည့် မူ ကို ဆက်လက်ကိုင်ဆွဲသွားမည်ဟု နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့၏ ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ၎င်းအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီးနောက် တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲမှချမှတ်ထားသည့် ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်ရေးမူအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ကျနော်တို့ KNPP အနေနဲ့က တော့ အရင်ထဲကပဲ ကျနော်တို့ ဒီ အားလုံးပါဝင်ရေး မူကိုသွားနေတဲ့အတွက် အခုလည်း ကျန်ရှိနေသေးတဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့အစည်းတွေ အားလုံး နောက် ဒီ တိုက်ပွဲတွေ ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး ပါဝင်နိုင်အောင်တော့ ကြိုးပမ်းသွားဖို့ပေါ့၊ ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် မှ ပြောသည်။

အစည်းအဝေးတွင် KNPP နယ်မြေအပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ရှိ နယ်မြေအသီးသီး၏ အောက်ခြေဒေသများတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရန် အတားအဆီးများ ဖြစ်နေသည့် အတွက် အစိုးရထံ အမြန်ဆုံးရပ်စဲစေရန် တိုက်တွန်းတောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဆက်ပြောသည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် KNPP အရေးပေါ် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဦးအောင်ဆန်းမြင့်က ယခုလို ဆက်ပြောသည်။

လောလောဆယ်မှာ ကျနော်တို့ ၂၁ ဖွဲ့ရှိတယ်။ အခု ၈ ဖွဲ့ပဲထိုးထားပြီး ၁၃ ဖွဲ့ မထိုးနိုင် သေးဘူး၊ အောက်အခြေအနေတွေမှာလည်း တိုက်ပွဲတွေက ဖြစ်နေသေးတယ် တစ်ချို့ဒေသ တွေမှာလည်း။ ဒါ့အပြင် ကျနော်တို့ အစိုးရနဲ့သော်လည်းကောင်း၊ ပြည်နယ်က တပ်တွေနဲ့ သော်လည်းကောင်း ဆက်ဆံရတာတွေ အခြေအနေတွေက တမျိုးဖြစ်တယ်လေ မပြေမလည် တွေလည်း ရှိတယ်ပေါ့။ နောက်ပြီးတော့ ဒီနေ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ၈ ချက် ကိုသွားတာလည်း ကျနော်တို့ မပြေမလည်သေးတာတွေလည်းရှိတယ်၊ ဘယ်လိုနည်းလမ်း နဲ့ချည်းကပ်ရင် ဘယ်လို ပိုပြီးမှ ငြိမ်းချမ်းရေးကို ပိုပြီးသွားနိုင်မလဲဆိုတာပေါ့။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ရှေ့လုပ်ငန်းစဉ် စီမံချက်တချို့ကို အရေးပေါ် ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့ကြပြီး ဒီဇင်ဘာလတွင် ကျင်းပရန်ရှိသည့် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ညီလာခံ တက်ရောက်ရန် ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် မြန်မာအစိုးရနှင့် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။