ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ အစီရင်ခံစာတစ်စောင်ထွက်ရှိ

သတင်းနှင့်မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကြွေးသံ ဟုအမည်ပေးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် အစိုးရလက်ထက် မြန်မာနိုင်ငံမြောက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေသော တပ်မတော်၏ ထိုးစစ်ဆင်မှုများနှင့် ချိုးဖောက်မှုများ အစီရင်ခံစာတစ်စောင်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေလိုက်သည်။

အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများသည် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း ထိုးစစ်ဆင်မှု ပိုမိုပြင်းထန်လာ၍ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ သိရှိနိုင်ရန် ဖြန့်ဝေလိုက်ခြင်းဖြစ်သည်ဟု KWAT အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒေါ်ရှယ်လီဆိုင်း မှ ပြောသည်။

အဓိကကတော့ အဲ့ဒီ စစ် တွေပိုပြီးမှ ကချင်ဒေသ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ရှမ်းပြည် ဒီငြိမ်းချမ်းရေးယူထားတဲ့ ဒေသတွေရော ရခိုင်ပြည်တို့ဆိုရင်လည်း ငြိမ်းချမ်းရေး ယူထားပြီလေ အဲ့ဒါ ပိုပြီးမှ ညှဉ်းပန်းမှုတွေဖြစ်လာတယ် စစ်တွေပိုဖြစ်လာတာကို မီးမောင်းထိုးပြချင်တာပါ၊ အနောက်နိုင်ငံက လူတွေက ကျမတို့ NLD တက်ပြီး ဒီမိုကရေစီတိုင်းပြည်ဖြစ်ပြီး ဆိုတဲ့ဟာမျိုး ပြောနေကြတာကော၊ ဆိုတော့ ကျမတို့ အမြင်ကတော့ မဟုတ်သေးဘူးလေ၊ ပိုပြီးမှ တိုက်ပွဲတွေ ဖြစ်လာတာ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှ လုံခြုံရေးအခြေအနေများကို အဓိက ဖော်ပြ ထားသည့် ၎င်းအစီရင်ခံစာတွင် NLD အစိုးရသစ် လက်ထက် တိုက်ခိုက်မှုများ အဆုံးသတ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်တိုးနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း အစိုးရ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ပိုပြင်းထန်လာနေကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထိုအစီရင်ခံစာတွင် အရှိန်မြင့်လာသည့် အစိုးရစစ်တပ်၏ စစ်ရေးထိုးစစ်များ ၊ ထပ်မံဖြစ်ပေါ်လာ သည့် အိုးအိမ်မဲ့စွန်ခွာထွက်ပြေးမှုများ၊ သတင်းအချက်အလက် လွဲမှားခြင်းနှင့် အကူအညီများ ပိတ်ပင်ဟန့်တား ခြင်း၊ တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ထိထိမိမိ တရားဥပဒေအရ အရေးယူမှု ကင်းမဲ့ခြင်း နှင့် KWAT အဖွဲ့မှ မှတ်တမ်းတင်ထားသည့် အစိုးရစစ်တပ်၏ ချိုးဖောက်မှုများ ကိစ္စတွေကို အသေးစိတ် ဖော်ပြထားသည်။

စာမျက်နှာ ၃၁ မျက်နှာပါရှိသည့် ထိုအစီရင်ခံစာထုတ်ပြန်နိုင်ရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ စစ်တမ်းကောက်ယူပြီး မှတ်တမ်းတင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ရှယ်လီဆိုင်း မှ ဆက်ပြောသည်။

ညင်းပန်းနှိမ်စက်မှုတွေ့ရတယ်၊ တရားကိုလည်း မလိုက်နာဘူးပေါ့ တရားစွဲမှုတွေ ဟိုအမှုတွေ ပြောတာလည်း လက်မခံတဲ့ဟာတွေ၊ တရားလက်လွတ်သတ်ဖြတ်မှု မတရာဖမ်းဆီးမှု ထိန်းသိမ်းချူပ်နှောင်မှုတွေ လု့ယက်မှု ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်စီးမှု အိမ်မီးရှို့မှု အရပ်သား ပြည်သူများကို ပစ်မှတ်ထားခြင်း ပြည်သူလူထုနေတဲ့နေရာမှာ လက်နက်ကြီး ဖြင့်ပစ်ခတ်လို့ ပေါက်ကွဲပြီး ကလေး သုံးယောက်ထဲမှာ တစ်ယောက်သေသွားတယ်

KWAT အဖွဲ့၏ မှတ်တမ်းတင်နိုင်ခဲ့မှုတွင် ညှဉ်းပန်းနှိပ်စက်ခံရသူပေါင်း ၂၁ ဦး၊ တရားလက်လွတ်သက်ဖြတ်မှုတွင် အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၆ ဦးရှိခဲ့ပြီး မတရား ဖမ်းဆီးချူပ်နှောင်ခံရသူပေါင်း ၂၀၀ နီးပါးနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုပေါင်း ၆၀ ပါဝင်သည်ဟု သိရသည်။

ထိုဖြစ်ရပ်များကြောင့် ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပေးရန် အပါအဝင် လူသားချင်းစာနာမှု အကူအညီများ ပိတ်ပင်ထားမှုများ ပယ်ဖျက်ပေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန် တောင်းဆိုထားသည့် တောင်းဆိုအကြံပြုချက် ၁၄ ချက်ကို KWAT အဖွဲ့မှ ထုတ်ပြန်တောင်းဆိုထားသည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) KWAT အဖွဲ့သည် ကချင်ပြည်နယ်အတွင်း ခွဲခြား ဆက်ဆံမှုပုံစံအားလုံးကို တိုက်ဖျက်ရန်၊ အမျိုးသမီးများအနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပါဝင်နိုင်ရေး စွမ်းရည်မြှင့်တင်ရန် နှင့် ကလေးငယ်တိုင်း ၎င်း တို့၏ အစွမ်းအစ များ ထုတ်ဖေါ်နိုင် သော အခွင့်အလမ်းရရှိရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။