ကြူကုတ် – ပန်ဆိုင်း တိုက်ပွဲများကြောင့် စစ်ရှောင် ၄၀၀၀ နီးပါး တရုတ်ဘက်ခြမ်း ထွက်ပြေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။­

တရုတ် – မြန်မာ နယ်စပ် ကြူကုတ်-ပန်ဆိုင်း ဒေသအတွင်း တိုက်ပွဲများ နေ့တိုင်းနီးပါးဆိုသလို ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ ဒုက္ခသည်များ ပြေးဝင် ခိုလှုံနေကြသည်မှာ ယနေ့ အချိန် ထိဖြစ်ပြီး စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ နီးပါးခန့် ရှိနေပြီဟု သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပန်ဆိုင်းဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံများအား မြန်မာ့တပ်မတော်မှ လက်ရှိနေထိုင်နေသည့် နေရာများမှ အမြန်ဆုံးထွက်ခွာကြရန် ပြောလာသည့်အတွက် တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့လည်း သေနတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်။ တောင်ပေါ်ရွာက လူတွေ လည်း အားလုံးဆင်းလာပြီ။ စစ်တပ်က အားလုံးနေရာယူထားတယ်။ ဒုက္ခသည်က အစက နှစ်ထောင်ကျော် စာရင်းရတယ်။ တနေ့ကရော မနေ့ကရောနဲ့ဆို သုံးထောင်ကျော်ပြီ။ ဒီနေ့တောင်ပေါ်တွေက ထပ်ရောက်တော့ လေးထောင်လောက်ပေါ့။ စာရင်းတော့ အတိအကျမရသေးဘူး။” ဟု ပန်ဆိုင်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ သည် တရုတ်နိုင်ငံ နယ်စပ်မြို့ ဝမ်တိန်မြို့သို့ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။

“ဒုက္ခသည်က တော်တော်များတယ် ခန့်မှန်းခြေ ၄၀၀၀ လောက်တော့ရှိတယ် ဒီဖက်မှာ တော်တော့ကို များ တယ်။ မနေ့က အကုန်လုံးပြေးဝင်လာကြတယ်။ ဟိုဘက်မှာက လူမရှိကြတော့ဘူး။ ကိုယ့်အိမ် ကိုယ်စိတ် မချလို့ ခနသွားကြည့်လိုက် ပြေးလာလိုက်၊ ခနသွားကြည့်လိုက် ပြေးလာလိုက် အဲ့လိုပဲ ရှိတာ။”ဟု ကြူကုတ်-ပန်ဆိုင်း ဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူ ကိုထွန်းသိန်းကပြောသည်။

မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် မြန်မာ့ တပ်မတော် တို့ကြားတိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်ထိပင်ဖြစ်သည်။

“မနေ့က ပစ်ကြခတ်ကြတော့ ဆင်းပြေးကြတာ။ နည်းနည်းငြိမ်တဲ့ဘက်ကို ဆင်းပြေးကြတာ။ ဆယ်မိနစ်ပစ် လိုက် နားလိုက် ခနနေ ပြန်ပစ်လိုက်။ တောက်လျှောက်ကြီး ပစ်နေတာ မဟုတ်ဘူး။ ရပ်လိုက်ပစ်လိုက်နဲ့ ပစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ။ နောက် ရဲစခန်းဘက်ပေါ့ ပစ်တာခတ်တာများလာတော့ တရုတ်ဘက်ကို ထွက်ပြေးလာကြတာ။”ဟု ကိုထွန်းသိန်းက ဆက်ပြောပြသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ဝမ်တိန်မြို့တွင် တရုတ်အစိုးရဖက်မှ ဒုက္ခသည်စခန်း ဖွင့်ပေးထားပြီး ဒုက္ခသည်များ၏ စားရေး၊သောက်ရေး၊ နေရေးထိုင်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပြုလုပ်ပေးထားသည်။

တရုတ်မြန်မာနယ်စပ် ဝမ်တိန်မြို့တွင် အလုပ်လုပ်နေသူတစ်ဦးက“တရုတ်ဘက်ခြမ်း ဝမ်တိန်ဘက်မှာ ကားလမ်း ဘေးမှာ ဟိုမိုးကာတွေနဲ့ ယာယီတဲလိုမျိုးတွေနဲ့ နေရာလုပ်ပေး တာပါ။ သူတို့က ထမင်းထုပ်လည်းဝေတယ်။ စောင်တွေဘာတွေ အိပ်စရာ တွေလည်းပေးတယ်။ ဒီနေ့ နေ့လည် ၂ နာရီကျော် ကျော် လောက်ကလည်း လက်နက်ကြီးသံ ၄ ချက်လောက် ထပ်ကြားရတယ်။ ကျမတို့ အခုဒီဖက်ကနေလည်း သေနတ်သံတွေ ကြား နေရတုန်းပဲ။ ပစ်လိုက် ရပ်လိုက်ပဲ။ တရုတ်ဘက် ခြမ်းကို ရောက်လာတဲ့ ဒုက္ခသည်တွေကို ပန်ဆိုင်းဘက် ကို ပြန်မပေးထွက်ဘူး။ တရုတ်ဘက်ကလေ။” ဟုပြောသည်။

မြန်မာပြည် မြောက်ပိုင်း မဟာမိုင်တပ်ပေါင်းစု နှင့် မြန်မာ့တပ်မတော်တို့ကြား ယနေ့ နံနက် ၂ နာရီအချိန်တွင် ကြူကုတ်-ပန်ဆိုင်း၊ နမ့်တောင် တောင်ကြား၊ အေးရှားဝေါလ်ဂိတ်အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင်။ ယနေ့နံနက် ၆ နာရီ အချိန်တွင်လည်း ၁၀၅ မိုင် အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှလည်း နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့စွဲဖြင့် ရှမ်းပြည် နယ် အရှေ့မြောက်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်းသည့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ထဲတွင် လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြခြင်းကြောင့် ပြည် တွင်းစစ် အဓွန့်ရှည်ကာ နိုင်ငံနှင့်ပြည်သူများလည်း ဆိုးကျိုးများ ရရှိခံစားခဲ့ရပြီး အခြားနိုင်ငံများအောက် နောက် ကျ ကျန်ရစ်ခဲ့ရသည်မှာ နှစ်ပေါင်း ၇၀ နီးပါး ကြာ မြင့်ခဲ့ပြီးဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင် ပြည်သူများလိုလား တောင့်တလျက်ရှိ သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင် စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစုပင်လုံသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ ထို ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတံခါးများ ဖွင့်လှစ် ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေး အတွက် ကြိုဆိုဖိတ် ခေါ်လျက်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်း နိုင်ရေး အတွက် Nationwide Ceasefire Agreement (NCA) ကို လက်မှတ်ထိုးရန် လိုအပ်လျက်ရှိသည်ဟု ထုတ်ပြန် ချက်ထဲတွင် တိုက်တွန်းထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများ၏ စားဝတ်နေရေး၊ သွားရေးလာရေး ခက်ခဲလာသည့်အပြင် တရုတ်နိုင်ငံသို့၎င်း၊ နီးစပ်ရာ မြို့များ သို့၎င်း ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခသည်များအဖြင့် ခိုလှုံနေကြရသည်။