သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ မူဝါဒ ရေးဆွဲ

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

နိုင်ငံရေးမူဘောင်ရေးဆွဲရာတွင် တိုင်းရင်သားများနှင့် ကိုက်ညီသည့် မူဝါဒများ ထည့်သွင်းရေးဆွဲ နိုင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ နှင့် စွမ်းအင်ဆိုင်ရာ မူဝါဒ များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မူကြမ်းရေးဆွဲခဲ့ကြသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ထိုအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၎င်းမူဝါဒ ရေးဆွဲနေခြင်းသည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်း သား ဒေသများနှင့် ကိုက်ညီသည့်မူဝါဒတစ်ခု ရရှိစေရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့မှ စီမံကိန်း တာဝန်ခံ ကိုယောထုန် မှ ပြောသည်။

စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ် မြေသိမ်းတယ် ရွာတွေ ဖယ်ပေးရတယ်။ တချိန်းတည်းမှာလည်း ကျန်းမာရေး Impact တွေ ကြီးကြီးတွေဖြစ် တယ်။ ကျောက်မီးသွေး စက်ရုံတို့လိုမျိုး ရေကာတာ တို့လိုမျိုးတွေကြောင့် ဖယ်ပေးရတယ်။ နောက် ဒီ သဘာ၀ ဘေးမဲ့ သစ်တောတွေကို ထိန်းသိမ်းတယ်ဆိုပြီးတော့ အဲ့မှာရှိတဲ့ရွာတွေ အကုန်လုံးဖယ် ခိုင်းတာတို့ ဘာတို့တွေလုပ်တော့ အကုန်လုံး အဲ့မှာ ပြသနာတွေ တက်တာ ပေါ့လေ၊ ပြီးတော့ တချိန်းတည်းမှာပဲ သစ်ပင်စိုက်မယ် ဘာစိုက်မယ်ဆိုပြီး ခေါင်းစဉ်ပေးတယ် ပြီးတော့ သစ်တောတွေ ခုတ်ပစ်လိုက်တယ်ပေါ့ ခုတ်ပြီးတော့ အသစ်ပြန်စိုက်မယ်ပေါ့ အဲ့လိုမျိုး တွေ ဗြောင်းဗြန်တွေ ဖြစ်နေတာပေါ့၊ အဲ့ဒီဟာတွေကို ပြန်ပြီး သုံးသပ် ပြင်ဆင်ပြီးတော့ အကုန်လုံး ပြန်ပြီး တည့်မတ်သွားဖို့ပေါ့၊

 သုံးရက်ကြာဆွေးနွေးညှိနှိုင်းခဲ့ကြသည့် ထိုအစည်းအဝေးတွင် ဘေးမဲ့တောထိန်းသိမ်းရေးကိစ္စ နှင့် စွမ်းအင်အရင်းအမြစ်ကိစ္စ အပါအဝင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် သံလွင်မြစ်ကြောင်းတစ်လျှောက်က သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို ဆွေးနွေးခဲ့သည်။

ထို့အပြင် လက်ရှိကြုံတွေ့နေကြရသည့် ကျောက်မီးသွေးစက်ရုံကိစ္စ၊ ရေအားလျှပ်စစ်စီမံကိန်း ကိစ္စ များနှင့် အာဆီယံဒေသတွင်း ကြုံတွေ့နေရသည့် အခြေအနေများကို ပညာရှင်းများနှင့်လည်း ဆွေးနွေးခဲ့သည်။

လက်ရှိတည်ဆဲ မူဝါဒတွေနဲ့ တည်ဆဲဥပဒေတွေ ကို သုံးသပ်ပြင်ဆင်ပြီးတော့ အကောင်အထည်ဖော်တဲ့ဟာမှာ အားလုံးပါဝင်ပြီးတော့ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ မူဝါဒတွေ ပြင်ဆင်သုံးသပ်ပြီးတော့ အဲ့ဒီအတိုင်း လက်တွေ့ အကောင်အထည်ဖော်သွားဖို့၊ နောက်တစ်ခုက ဒီမူဝါဒ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လာမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သွားဖို့အတွက် တိုင်းရင်းသားတွေ လိုလားတဲ့ မူဝါဒတွေနဲ့လက်တွေ့ ဦးဆောင်ဖို့ အဲ့ဒီ မူဝါဒ တွေ ဦးဆောင်တဲ့အခါမှာ ဘယ်လိုမူဝါဒမျိုး ဖြစ်သင့်လဲဆိုတာ ဝိုင်းပြီးတော့ အကောင်အထည် ဖော်နေတယ်။ ဟု ENAC အဖွဲ့မှ စီမံကိန်း တာဝန်ခံ ကိုယောထုန် မှ ဆက်ပြောသည်။

အစည်းအဝေးအား တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည် ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalitice Affairs Center (Union of Burma) ENAC အဖွဲ့မှ ကမကထပြုပြီး စီစဉ်ကျင်းပခဲ့ ခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၄၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည် ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့သည် စိုက်ပျိုး ရေး၊ ပညာရေး၊ ပြည်တွင်းနေရပ်စွန့်ခွာတမ်းရှောင်သူများနှင့် ဒုက္ခသည်များ၊ ကျန်းမာရေး၊ လူသား ချင်းစာနာထောက်ထားမှုအကူအညီ၊ မြေယာ၊ သဘာဝသယံဇာတ၊ အခွန်ကောက် ခံခြင်းနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု စသည့် မူဝါဒ ၉ ခု အား ဦးဆောင်ရေးဆွဲထားပြီးဖြစ်သည်ဟု သိရသည်။