အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်ဆောင်ရွက်မှုများအား EAOs ၈ ဖွဲ့မှ ဆန့်ကျင်ကန့်ကွက်

 သတင်းနှင့်မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များကို အကြမ်းဖက်အဖွဲ့ အစည်း နှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်မှုများအား ဆန့်ကျင် ကန့်ကွက်ကြောင်း တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုး ထားကြသည့် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲမှ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့၏ ညှိနှိုင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက် နိုင်သည့်အတွက် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

လူပုဂ္ဂိုလ်ဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် အကြမ်းဖက် သတ်မှတ်မယ်ဆိုရင် ဒီဟာမျိုးက မလုပ်သင့်ဘူးပေါ့ဗျား၊ ဘယ်တိုင်းရင်းသား အဖွဲ့အစည်းကိုမှ ဒီလို မလုပ်သင့်ဘူးပေါ့။ အဲ့ဒါကို ကန့်ကွက်တာပါ။ အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ဖို့ ကြိုးစားမှုတွေကို မလုပ်သင့်ဘူးလို့ ကန့်ကွက်တာ။ အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်လိုက်ရင် ပိုပြီးတော့ ဝေးကွာပြီးတော့ လုပ်ငန်းတွေ လက်ရှိသွားနေတဲ့ Ongoing Process တွေ ပျက်စီးသွားမှာပေါ့ အဲ့ဒါကို စိုးရိမ်လို့။

NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် လုပ်ငန်းအဖွဲ့ PPWT/CT အဖွဲ့ဝင်များ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး အပြီးတွင် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အား ရှမ်းပြည်နယ် လွတ်တော်က အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ဒီဇင်ဘာလ ၇ ရက်နေ့က သတ်မှတ်ခဲ့သည်။

ရှမ်းပြည်က အဲ့ဒီလွတ်တော်က သူဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး မရှိပဲနဲ့ သူဆုံးဖြတ်တော့ အဲ့ဒါ ကျနော်တို့ ဟိုဟာ မဖြစ်ပါဘူး။ ဒါပေမယ့် အများကြီးပေါ့ဗျား လေသံတွေ ထွက်နေတော့ ဘာဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ သတ်မှတ်ချက်က မဖြစ်သင့်သေးဘူးပေါ့ ကျနော်တို့ အဲ့ဒါကို ကန့်ကွက်တာပါ ဘယ်တိုင်းရင်သားအဖွဲ့မဆို ချွင်းချက်မရှိပေါ့ မသတ်မှတ်သင့် သေးဘူးပေါ့။ သတ်မှတ်လိုက်ရင် ဘာတွေ ဖြစ်နိုင်လည်းဆိုတာတော့ မသိဘူး ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေက ထိခိုက်သွားနိုင်တာပေါ့။ သူတို့ ဆက်ဆံလို့ ဘယ်ရတော့မလဲဗျား၊ အဲ့ဒီအဖွဲ့တွေ၊ နောက် နိုင်ငံတကာ ဥပဒေတွေနဲ့ကြတော့ သတ်မှတ်ပြီးတာနဲ့ နိုင်ငံတကာ ဥပဒေအရ အဲ့ဒီ အဖွဲ့အစည်းတွေ ဘယ်တိုင်းပြည် ဘယ်အစိုးရမှ လက်ခံလို့မရတော့ဘူး ဖြစ်သွားနိုင်တာပေါ့။ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုသည်။

တဆက်တည်းမှာပင် အကြောင်းအမျိုးမျိုးကြောင့် NCA စာချူပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အဆင်သင့် မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အစိုးရ တို့ကိုလည်း အပြုသဘောဆောင်ပြီး ငြိမ်းချမ်းရေးကို ရှေးရှု့သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ကြရန် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ထုတ်ပြန်ချက်တွင် အကြံပေး တိုက်တွန်းထားသည်။

NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအို့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အဖွဲ့များ ပါဝင်သည်။