ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးနေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၂၁ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ စစ်ဘေး လွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံရွာသားများ မန်ဆာ ဒေသနှင့် သီပေါဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု နမ္မတူမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။
“ဖြစ်တာကတော့ နမ္မတူကနေသွားရင် မိုင် ၃၀ လောက်ရှိမယ်၊ ပန်လုံဆိုတဲ့ ရွာဘက်မှာ ဖြစ်တယ်။ ဒေသခံရွာ သားတွေ အကုန်လုံးက မန်ဆာဘက်ကို ထွက်ပြေးလာကြတယ်။ မန်စံနဲ့ပန်လုံနဲ့ကျတော့ ၁၄ မိုင်လောက်ပဲ ရှိ မယ်ထင်တယ်။ သီပေါဘက်ကိုလည်း တချို့ထွက်ပြေးနေကြတယ်တဲ့။ ကျမတို့ နမ္မတူဘက်ကိုတော့ မရောက် လာကြဘူး။” ဟု နမ္မတူမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်ထဲတွင်လည်း ဒီဇင်ဘာလဆန်းပိုင်းလောက်ကစတင်ပြီး ထောင်နှင့်ချီသော ဒုက္ခသည်များ ထွက် ပြေးခိုလှုံနေကြရပြီး ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့ အစည်းများ၏ အကူအညီများဖြင့် စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု နမ္မတူမြို့နယ်မှ ဒုက္ခသည် များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
“နမ္မတူမြို့မှာတော့ ပြီးခဲ့တဲ့ လေးငါးဆယ်ရက်လောက်က ထွက်ပြးလာကြတဲ့ နမ္မတူရဲ့ ဟိုးဘက် မိုင်းမော်ဘက်က ဆင်းလာတာတဲ့ ဒုက္ခသည်တွေများတယ်။ ကချင်တွေကျတော့ ကချင်ဘုရားကျောင်းတွေထဲမှာ၊ ပလောင်တွေကျ တော့ ပလောင်ရွာထဲမှာ၊ နောက်ရှမ်းတွေကျတော့ ဘုန်းကြီးကျောင်းထဲမှာ၊ လီဆူတွေကျတော့ လီဆူရပ်ကွက်ရှိ တာပေါ့နော်၊ ရပ်ကွက် (၈) လေ၊ အဲ့ဒီမှာ။ သူတို့လည်း ပြန်လို့မရသေးဘူး။ ဘာသာရေးအဖွဲ့အစည်းတို့ အလှူရှင် တို့ သူတို့ကပဲ ကူညီပေးနေတာ။ အဲ့လိုမျိုးနဲ့ပဲ စားသောက်နေကြတာ။” ဟု နမ္မတူမြို့နယ်မှ ဒုက္ခသည် များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
သီပေါမြို့နယ်၊ ပန်လန်းကျေးရွာနှင့် မန်လွယ်ကျေးရွာကြားတွင်လည်း TNLA နှင့် RCSS တပ်တို့အကြား ဒီဇင် ဘာလ ၂၁ ရက်နေ့တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြော သည်။
“မနေ့ တနေ့ကတော့ သုံးနေရာလောက် ဖြစ်တယ်။ သီပေါမြို့နယ်၊ ထန်စန့်အထက်နားမှာ နှစ်နေရာ၊ သီပေါမြို့ နယ် အထက်မှာပဲ မန်လွယ်ကျေးရွာမှာ တစ်နေရာ၊ သုံးနေရာဖြစ်တယ်။ မနေ့ကတော့ နမ္မတူမြို့နယ် ပန်လုံ ကျေးရွာနဲ့ မန်ဆာကျေးရွာနားမှာဖြစ်တယ်။ ဒီနေ့လည်း ပြန်ဆက်ဖြစ်တယ်။ သီပေါမြို့နယ် မန်လွယ်နားမှာ ပြန်ဆက်ဖြစ်တယ်။ တိုက်ပွဲကတော့ (၃) ရက် ဆက်တိုက်ဖြစ်တာပေါ့နော်။ ဒီ RCSS နဲ့။” ဟု ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောသည်။
အလားတူ မြန်မာအစိုးရ တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA) တို့အကြား မန်တုံမြို့နယ် အတွင်း နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့ ညက ထုတ်ပြန်ခဲ့ သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေး လွတ်ရာ ထွက်ပြေးတိန်းရှောင် နေကြရသည့်အပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက လာမည့်နှစ် စားဝတ်နေရေးအတွက်ပါ ထိခိုက်လာနိုင်သည်ဟု နမ္မတူမြို့နယ်က ဒေသခံ က ဆက်ပြောသည်။
“ဒုက္ခအရမ်းရောက်တယ်။ အသွားအလာကလည်း မသွားရဲမလာရဲကြတော့ဘူး။ အခုက ကိုယ့်ခြံထဲက အသီးအနှံ တွေလည်း မသိမ်းရဘူး။ အခုက စပါးတောင် ကောင်းကောင်းမသိမ်းရသေးဘူး။ ဒီလလိုမျိုးနဲ့ နောက်လက ကျမ တို့ဒီဖက်ကလူတွေက တောင်ယာတွေခုတ်ထားကြတာလေ။ အဲ့မှ တပေါင်းလလောက်မှ မီးရှို့လို့ရတာလေ။ မီးရှို့ ပြီးမှ လာမယ့်နှစ်အတွက် ပြောင်းတို့ စပါးတို့ထည့်ရတာလေ။ ရှေ့ဆက်ပြီး တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ဒီအချိန် မှာ မလုပ်ရဘူးဆိုရင် နောက်နှစ်ရဲ့ စားဝတ်နေရေးက တော်တော်အားယူရမယ်။ အရမ်းခက်ခဲမှာ။ လောလော ဆယ် ထမင်းတနပ်အတွက်ကတော့ ဖြေရှင်းလို့ရတာပေါ့နော်။” ဟု နမ္မတူမြို့နယ်က ဒေသခံ က ဆက်ပြော သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့ကြား ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများမှာ နီးစပ်ရာ ကျေးရွာ များသို့လည်းကောင်း၊ မြို့နယ်များသို့လည်းကောင်း စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်ခိုလှုံ နေကြရသည်။