KIA တပ်စခန်းများအား မြေပြင်နှင့်ဝေဟင်များမှ အစိုးရတပ်မတော်ထိုးစစ်ဆင်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၂၁ ရက်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးနှင့် ဂိဒေါင်စခန်းကုန်အနီးရှိ လိုင်ဖောင် KIA တပ်စခန်း တဝှိုက်အား အစိုးရတပ်မတော်မှ မြေပြင်ထိုးစစ်များအပြင် လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှု များရှိနေသည်ဟု သိရသည်။
တိုက်လေယာဉ် လေးစင်းဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတွင် လိုင်ဖောင် KIA တပ်စခန်းတဝှိုက်အား အစိုး ရ တပ်မတော်မှ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲကတော့ ဒီနေ့က လိုင်ဖောင်ဘက်မှာ ဖြစ်နေတယ်။ လိုင်ဖောင်ဆိုတာ ဂိဒေါင်နဲ့ သိပ်မဝေးပါဘူး။ အဲ့မှာ လေယာဉ်လေးစင်းပေါ့။ မြေပြင်တပ်ကတော့ ၂ ကြိမ်ထိုး၊ ၂ ကြိမ်ကျသွားတယ်လို့ ပြောတာပဲ။ နောက်တခါ မုန် လိုင် ခက်ဘက်က ဒုက္ခသည်စခန်းနားတွေ နောက်တခါ အလန့်ဘွမ်တွေ အဲ့မှာတွေ လက်နက်ကြီးတွေ ကျ တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
လိုင်ဖောင်စခန်းအနီးတွင် စစ်ရှောင်ဒုက္ခသည်စခန်းများတည်ရှိပြီး အဆိုပါတိုက်ပွဲများကြောင့် စခန်းအတွင်းရှိ ဒုက္ခသည်များ စိုးရိမ်နေသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ (PCG)မှ ဦးဆမ်အောင်က ယခုလိုပြောသည်။
“တလောတုန်းကတော့ ဂိဒေါင်စခန်းကို သူတို့ရလိုက်တယ်။ ဆက်ပြီးတော့ လိုင်ဖောင်းစခန်းဘက်ကို ထိုးစစ် ဆင် နေတယ်လို့ ကျနော်သိရတယ်။ ပြီးရင် KIA တပ်မဟာ ၁ တပ်ရင်း-၄ ပေါ့၊ ရွာသားတွေရှိတဲ့နေရာလေ။ လေ ကြောင်းရော ကြည်းကြောင်းရောနဲ့ တိုက်နေတယ်လို့ သိရတယ်။ အသေးစိတ်အချက်အလက်တော့ မသိရဘူး။ ဒုက္ခသည်တွေလည်း တချို့ ဒီဖက် ဝိုင်းမော်ဘက်ကို ရောက်နေတာ ရှိတယ်။” ဟု ဦးဆမ်အောင် က ပြောသည်။
ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ လယ်ပိုင်းမှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်ဘက်မှ အိမ်ထောင်စု ၄၀ ကျော်လည်း ဝိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေး တိမ်းရှောင်လာသည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်က ဆက်ပြောသည်။
“KIA တပ်မဟာ ၁ KIA ရဲ့ ရင်း-၄ ဧရိယာပေါ့၊ ရင်း-၄ ဧရိယာဆိုတော့ အင်ဂျန်းယန်မြို့နယ်။ မြစ်ကြီးနားရဲ့ မြောက်ဘက်ပေါ့။ မေခ မလိခ တြိဂံဒေသ အဲ့ဖက်လို့ ကျနော်သိရတယ်။ လေကြောင်းရော ကြည်းကြောင်းရောနဲ့ အသေးစိတ်တော့ မသိရပေမယ့် တလောတုန်းက လေယာဉ်နဲ့ပစ်လို့ အိမ်တွေ မီးလောင်ပါသွားတဲ့ မိသားစုတွေ ကတော့ ဝိုင်းမော်ဘက်မှာ အိမ်ခြေလေးဆယ်လောက် ရောက်နေတယ်လို့ သိရတယ်။” ဟု ဦးဆမ်အောင် က ပြောသည်။
အစိုးရတပ်မတော်မှ ကချင်ပြည်နယ်အတွင်းရှိ နေရာဒေသအသီးသီးသို့ တပ်အင်အားများ ဆက်လက် တိုးချဲ့ နေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် လက်ရှိအစိုးရသစ်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များအပေါ် များစွာထိခိုက်လာနိုင်သည်ဟု ဦးဆမ်အောင် က ဆက်ပြောသည်။
“တပ်အင်အားတွေကလည်း တောက်လျှောက် တိုးချဲ့နေတယ်လို့ သိရတယ်။ ထိုးစစ်တွေက ဆက်ဖြစ်နေတော့ ကျနော်တို့ ငြိမ်းချမ်းရေးကတော့ တော်တော်လေးကို အလှမ်းဝေးနေသလို မြင်နေရတယ် ခင်ဗျ။ ဒါကို နှစ်ဖက် စလုံးကလည်း ချင့်ချင့်ချိန်ချိန်လုပ်ဖို့ အရေးကြီးပါတယ်လို့။ ကျနော်တို့က တော့ ငြိမ်းချမ်းစေချင်တယ်။ ကျနော်က ပြည်သူလူထုဖြစ်တဲ့အတွက် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းတာ ဟန်ဆောင်ငြိမ်းချမ်းတာမျိုး မလို ချင်ဘူး။ စစ်ရေးဖြစ်လာမယ့်ဟာကို လုံးဝမလိုလားဘူး။ လက်ရှိ အနေအထားကတော့ ငြိမ်းချမ်းရေး အခြေအနေ ကတော့ အစိုးရရဲ့ ထိုးစစ်ဆက်သွားတယ် ရပ်ဆိုင်းတယ် ဆိုတဲ့အပေါ် အရမ်းမူတည်တယ်။” ဟု ဦးဆမ်အောင် က ဆက်ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အရေးပါသည့် ရှေ့တန်း တပ်စခန်းတခုဖြစ်သည့် ဂိဒေါင်ရှေ့တန်း စခန်းကိုလည်း အစိုးရတပ်မတော်မှ လေးလအကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြေပြင် ထိုးစစ်များအပြင် လေကြောင်း စစ်ဆင်ရေးဖြင့် လေယာဉ် ၂ စင်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် KIA မှ ဆုတ်ခွာပေးခဲ့ရသည်ဟု သိရသည်။