တိုက်ပွဲကြောင့်စစ်ရှောင်ဒုက္ခသည် ၁၇၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်
သတင်းနှင့်မီဒီယာကွန်ရက်။
ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက် ပိုင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၇၀၀ ကျော်သည် အရေးအပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
TNLA နှင့် RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သီပေါမြို့ရှိ ဘော်ကြိုဘုရား၊ တောပုတ် ဘုန်းတော်ကြီးကျောင်း၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတို့တွင် စစ်ရှောင်ဒုက္ခသည် အယောက် တစ် ထောင်ကျော် ခိုလှုံနေကြပြီး အစားအသောက်၊ အဝတ်အထည်များနှင့် စောင်များ အရေးပေါ်လို အပ်နေသည် ဟု သိရသည်။
“အခုသီပေါမြို့ကို ထွက်ပြေးလာတာ လူဦးရေ ၁၇၀၀ ကျော်သွားပြီ။ ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြတယ်။ တချို့နေရာတွေမှာ အစားအသောက်တွေအရေးပေါ်လိုနေတယ်။ တချို့နေရာမှာက အခုအရမ်းအေးတော့ စောင် တွေလိုနေတယ်။ စောင်တွေမလောက်ဘူး။ ပရဟိတအဖွဲ့တွေကပဲ အဓိက ကူညီပေးနေရတာ။ ဒုက္ခသည် က သီပေါကို ၁၉ ရက်နေ့ကတည်းကရောက်လာကြတာ။ ဒီနေ့အထိ ထပ်ရောက်လာနေတုန်းပဲ။ တချို့က လားရှိုး ဘက်ကို ထွက်ပြေးကြတာလဲရှိတယ်။” ဟု သီပေါမြို့ စစ်ရှောင်ဒုက္ခသည်များအား အကူအညီပေးနေသည့် ဝမ်းမောလူမှုကူညီရေးအဖွဲ့က ကိုမျိုး မှပြောသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲ များကြောင့်စစ်ရှောင်ဒုက္ခသည်များသည် သီပေါမြို့နယ် ပန်လုံကျေးရွာအုပ်စုရှိ မန်လွယ်ကျေးရွာ၊ မန်လီကျေးရွာနှင့် မန်ကျန်းကျေးရွာများမှ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံရွာသားများ ထွက်ပြေးလာစဉ် ကလေးငယ် (၃) ဦးနှင့် အမျိုးသမီး(၂) ဦး လက်နက်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တအာင်းအမျိုးသမီးအဖွဲ့မှ ထုတ်ပြန်သည့် ထုတ် ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“သေသွားတဲ့ ကလေးတွေကလည်း ဘယ်သူ့ကလေးလည်းဆိုတာ မသိသေးဘူးပေါ့နော်။ ကျမတို့ မနေ့က သီပေါ ဆင်းသွားတာပေါ့နော်။ ဒုက္ခသည်တွေကို သွားကူညီတာ၊ အင်္ကျီတို့ အဝတ်အစားတို့ စောင်တို့ သွားကူညီထား တယ်။ ဒုက္ခသည်တွေက အရေးပေါ်ပြေးလာတော့ ဘာမှမပါလာဘူး။ အဲ့မှာ ရွာသားတွေက ပြောပြတယ်။ လမ်း မှာ ထွက်ပြေးလာတုန်း သေနတ် မှန် လက်နက်မှန်ပြီး ကလေး (၃)ဦးက ကျည်မှန်လို့ သေတယ်။ အမျိုးသမီး (၂) ယောက် သေနတ် ဒဏ်ရာနဲ့ လမ်းပေါ်မှာ လဲနေတယ်။ မန်ကျန်းရွာက ဒေသခံတစ်ယောက်က ပြောပြတယ်။ သေ သွားတယ်တဲ့။ အခုသူတို့ ဘုန်းကြီးကျောင်းတွေမှာ မျှပြီးနေနေကြတာပေါ့။ ဒုက္ခသည်တွေ ဒီနေ့လည်း ထပ် ရောက်လာတယ် လို့ပြောတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ လွေးပိုး စိန်ကြည် မှ ပြောသည်။
အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာအစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့အကြား ကွတ်ခိုင်မြို့နယ်အနီးတဝှိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်ဒုက္ခသည်များလည်း အရေးအပေါ် အကူအညီများ လိုအပ်နေသည်ဟု မန်လုံစစ်ရှောင် ဒုက္ခသည် တစ်ဦးမှ ပြောသည်။
“၁၉ ရက်နေ့ ညနေပိုင်းပေါ့ ကွတ်ခိုင် ၄၅ တပ်ရင်းမှူးက ရွှေ့ခိုင်းတာ။ ရွာထဲမှာတိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှာ ဖြစ်တော့ ကျနော်တို့ဘက်ခြမ်းလည်း ပါလာတာပေါ့။ အဲ့တော့ ကြောင့် ကျနော်တို့က ကြောက်ပြီး ထွက်ပြေးလာတာ။ အခုကျနော်တို့က ကွတ်ခိုင် ရပ်ကွက်(၆) မူကြိုကျောင်းနား မှာ။ လူဦးရေက ၁၂၀ ကျော်တယ်။ အခုလောလောဆယ် အစားအသောက်က မလောက်ဘူး။ ဘယ်တော့ပြန် ရမယ်ဆိုတာလည်း မသိရသေးဘူး။” ဟု မန်လုံကျေးရွာမှ ကွက်ခိုင်မြို့သို့ စစ်ရှောင်လာသည့် ဒုက္ခသည် တစ်ဦးမှ ပြောသည်။
ယမန်နေ့ ညနေကလည်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မ တော်(TNLA) နှင့် မြန်မာအစိုးရတပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုကာ ဗုံးကြဲတိုက် ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင်လည်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်း ပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား ဒီဇင်ဘာလ ၁၉ ရက်နေ့မှ တိုက်ပွဲများ ပြန်လည် ဖြစ် ပွားနေပြီး ယနေ့အချိန်ထိ စစ်ရေးအခြေအနေ တင်းမာနေစဲ ဖြစ်သည်ဟု သိရသည်။