KIO ၏ လိုင်ဖောင်တပ်စခန်းအား အစိုးရတပ်မတော် သိမ်းပိုက် ၊ အဆက်မပြတ် တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များ ဗုံးခိုကျင်းများတွင် ပုန်းအောင်းနေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ၏ တပ်စခန်းတခုဖြစ်သည့် လိုင်ဖောင် တပ်စခန်းနှင့် အနီး တဝှိုက် အား အစိုးရတပ်မတော်မှ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေပြီး အနီးအနားရှိ ဇိုင်းအောင် စစ်ရှောင်စခန်းအနီးတွင်လည်း လက်နက်ကြီးကျည်များ ကျရောက်လာသည့်အတွက် စစ်ရှောင်ဒုက္ခသည်များ ဗုံးခို ကတုတ်ကျင်းများတွင် ပုန်းခိုနေရသည် ဟု သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တနေ့လုံးနီးပါး အစိုးရတပ်မတော်မှ လိုင်ဖောင်တပ်စခန်းနှင့် အနီးတဝှိုက်အား လေယာဉ်များအသုံးပြုကာ လာရောက် ပစ်ခတ်နေသည်ဟု ဇိုင်းအောင် စစ်ရှောင်စခန်းမှ ဒုက္ခသည် တစ်ဦးက ပြောသည်။

“အခုလည်း ပစ်နေတယ်။ အသံတွေ ကြားနေရတယ်။ အခုကျမတို့ ကတုတ်ကျင်းထဲမှာ နေနေရတယ်။ လိုင်ဖောင် လည်း ကျသွားပြီးလို့ပြောတယ်။ ဒီညနေလောက်က။ သေချာတော့မသိသေးဘူး။ လေယာဉ်ပျံတွေနဲ့ လာပစ်တယ် လေ။ ဒီမနက်ကတည်းက။ မနက်ရော၊ နေ့လည်ရောပဲ၊ အသံတွေဆို ဆက်တိုက်ပဲ၊ အခုညပိုင်းက ပိုပြီး အသံတွေ ကြားရတယ် ပစ်နေကြတာ။ ည (၆) နာရီခွဲကစပြီး ပိုပြီး ပစ်လာတယ်။ လေယာဉ်သံတွေလည်း ကြားနေရတယ်။ ဆက်တိုက်ပဲ။” ဟု ဇိုင်းအောင် စစ်ရှောင်စခန်းမှ ဒုက္ခသည် တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂိဒေါင်စခန်းကျပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြီး လိုင်ဖောင် တပ် စခန်းအား မြေပြင်ထိုးစစ်များ အပြင် လေယာဉ်များဖြင့် အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီနေ့ဆိုပစ်နေတာ ဆက်တိုက်ပဲ၊ လေယာဉ်ပေါ်ကနေပစ်တော့ ကတုတ်ကျင်းတွေလည်း အကုန်ပျက်ကုန်ပြီ။ ပုန်း မယ့်နေရာတောင် မနည်းရှာရမှာ။ စခန်းနားတွေရော အကုန်လုံးပဲ။ အခုတလော ဆက်တိုက်ပဲ” ဟု စစ်ရှောင် တစ်ဦးက ပြောသည်။

လိုင်ဖောင် တပ်စခန်းအနီးတဝှိုက်တွင် မဂါးယန့်စစ်ရှောင်စခန်း၊ ဇိုင်းအောင် စစ်ရှောင်စခန်း၊ မိုင်တိုင်-၆၊ ဖရဲ့ (ခေါ်) မိုင်တိုင်-(၇) နှင့် မိုင်တိုင်-၈ စသည့် စစ်ရှောင်စခန်းတို့ တည်ရှိသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးကို စာရေး တင်ထားရာ တစုံတရာ အကြောင်းမပြန်သေးသည့်အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG) အနေဖြင့် စောင့်ကြည့်နေစဲအနေအထားမျိုးသာ ဖြစ်နေသည် ဟု ပြောသည်။

“စောင့်ကြည့်နေစဲပဲ၊ နိုင်ငံတော် အတိုင်ပင်ခံကိုလည်းပဲ စာရေးတယ်၊ ဒီဖက်မှာ တိုက်ပွဲတွေ ကြီးကြီးကျယ်ကျယ် စဖြစ်ကတည်းက စာတင်ထားတာ ရှိပါတယ်။ အဲ့ဒါလည်း ဘာမှလည်း အကြောင်းပြန်လာတာ မရှိဘူး ဆိုတဲ့အခါ ကြတော့ အစိုးရသဘောက ဘယ်လိုရှိတယ်၊ ငြိမ်းချမ်းရေး ဆက်သွားမယ့် သဘော ရှိမရှိ မသိတဲ့အခါကြတော့ ကျနော်တို့ မီးစင်ကြည့်ကရတဲ့ အနေအထားမျိုး၊ စောင့်ကြည့်ရတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။” ဟု PCG မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်မှ ဒီဇင်ဘာ (၂၁) ရက်နေ့က သတင်းနှင့်မီဒီယာ ကွန်ရက် သို့ ပြော သည်။

လက်ရှိအနေအထားတွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်မှ တပ်အင်အားများ ထပ်မံထိုးချဲ့ ထား သည်ဟု PCG မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်က “ကချင်က ငြိမ်းချမ်းရေးအခြေအနေကတော့ အစိုး ရရဲ့ ထိုးစစ်ဆက်သွားတယ်၊ ရပ်ဆိုင်းတယ်အပေါ်မှာ အရမ်း မူတည်တယ်။ လက်ရှိအနေ အထားကတော့ တပ် အင်အားတွေကလည်း တောက်လျှောက်တိုးချဲ့နေတယ် လို့ သိရတယ်။” ဟု သတင်းနှင့်မီဒီယာ ကွန်ရက်သို့ ဆက် ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်စခန်း လိုင်ဖောင်နှင့် အနီးပတ်ဝန်းကျင် စခန်းငယ်များအား မြန်မာ့တပ်မတော် စစ်ကြောင်းမှ သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော်မှ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးများဖြင့် ပစ်ကူ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် ပထမဆုံးစခန်းကို သိမ်းပိုက်ရယူခဲ့ခြင်းသည်ဟု အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်သော မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ KIA တပ်စခန်းများ အား မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် သိမ်းပိုက်လာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် KIA ၏ အရေးပါသည့် ရှေ့တန်းတပ်စခန်း တခုဖြစ်သည့် ဂိဒေါင်စခန်းအား မြေပြင် ထိုးစစ်များအပြင် လေကြောင်း စစ်ဆင်ရေးများဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။