တရုတ်– မြန်မာ နယ်စပ်ရှိ စစ်ရှောင်ဒုက္ခသည် နှစ်ထောင်ကျော် စစ်ဘေးလွှတ်ရာ တိမ်းရှောင်နေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် မြန်မာအစိုးရတပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ဇိုင်းအောင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူ ၂၆၀၀ နီးပါးသည် လက်ရှိနေထိုင်လျက်ရှိသည့် စစ်ရှောင်စခန်းမှ စစ်ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည် ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဇိုင်းအောင် စစ်ဘေးရှောင်စခန်းအနီး တစ်ဝှိုက် သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် တရုတ်– မြန်မာ နယ်စပ်တလျှောက်သို့ ထွက် ပြေး တိမ်းရှောင်လာခဲ့ရ ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ပြည်သူများမှ ပြောသည်။
“မနေ့က ညနေပိုင်း မှာကျတဲ့ လက်နက်ကြီးတွေကြောင့် camp ဘေးမှာ ကျတယ်ဆိုတော့ အားလုံး ကြောက် လန့်နေကြတာပေါ့။ camp နံဘေးမှာ ကျတယ်ဆိုတော့ လေး ငါး ခါကြီးကျ တယ်ဆို တော့ အားလုံး လန့်နေ ကြတာပေါ့။ ဖြစ်ဖြစ်ချင်းတော့ တရုတ်ပြည်ကို အလောတကြီးနဲ့ ဝင်သွားတာလည်း ရှိတယ်။ ဒါပေမယ့် နယ်စပ် က တရုတ်ဘက်က ရဲတွေက မကျော်ခိုင်းဘူးပေါ့ အဲ့လိုမျိုး။ ခေါ်ရှောင် ဒုက္ခသည် စခန်းကိုလည်း နည်းနည်း ပါးပါး ရောက်သွားတာတွေ ရှိတယ်။” ဟု ဇိုင်းအောင် စစ်ဘေးရှောင်စခန်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်တစ်ဦးမှ ပြောသည်။
အဆိုပါ စစ်ရှောင် ဒုက္ခသည်များအား တရုတ်ဘက်ခြမ်းမှလည်း လက်ခံခြင်းမရှိသည့်အတွက် ယခုလက်ရှိ အချိန်ထိ မြန်မာဘက်ခြမ်းနှင့် ဝိုင်းမော်မြို့ သို့သွားသည့် လမ်းမကြီးတစ်လျှောက်တွင် တဲများထိုးပြီး ငှက်ပျော ဖက်များ ခင်းကာ နေထိုင်နေကြရသည်ဟု ဒုက္ခသည်များက ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများ၊ လက် နက်ကြီးကျသံများ ကြားနေရသေးကြောင်း၊ သို့သော် နေ့လည်ပိုင်း အချိန်လောက်တွင် ပစ်ခတ်သံများ ငြိမ် သက်သွားသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ထွက်ပြေးတိမ်ရှောင်လာသည့် ပြည်သူများ၏ နေထိုင်စားသောက်နေရမှုများနှင့်ပတ်သက်ပြီး “အခု နယ်စပ်မှာ ရောက်နေတာ ဟုတ်တယ်။ ဒီနယ်စပ် လမ်းပေါ့နော် လမ်းတလျှောက်မှာ။ မနေ့က ည ၆ နာရီလောက်ကနေ ဒီနေ့အထိ သွားလာနေတာပေါ့။ ဒါပေမယ့် ဒီ ကချင်ပြည်နယ်ဘက်ပေါ့။ အင်း အခုလောလော ဆယ်တော့ ကိုယ့်ဆီမှာပါခဲ့တဲ့ မိုးကာလေးတွေနဲ့ ဒီတိုင်းပဲ လမ်းဘေးမှာ တဲထိုးပြီးတော့ နေနေကြတယ်။ စားဝတ် နေရေး ကျ တော့ ကိုယ့်ဆီမှာပါခဲ့တဲ့ဟာတွေနဲ့ ဒီလိုပဲ ကိုယ်နည်းကိုယ်ဟန်နဲ့ပဲ ချက်စားပြီးတော့ နေနေကြ တယ် လော လောဆယ်။” ဟု ဇိုင်းအောင် စစ်ဘေးရှောင်စခန်းမှ ဆရာ တူးဆန်အောင်မှ ပြောသည်။
ဇိုင်းအောင် စစ်ရှောင်ဒုက္ခသည်စခန်းအပြင် အနီးအနားရှိ မဂါးယန်၊ မိုင်တိုင်(၆)၊ ဖရဲ (ခေါ်) မိုင်တိုင်(၇)နှင့် မိုင်တိုင်(၈) မှ စစ်ရှောင်စခန်းတို့မှ စစ်ရှောင်များမှလည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
၂၁ရာစု ပင်လုံညီလာခံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/ KIA) တို့ကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရ တပ်မတော်တို့ အကြားဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာ ကျေးရွာများသို့ လည်းကောင်း၊ မြို့နယ်များသို့ လည်းကောင်း စစ်ဘေးရှောင်နေကြရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်သော မြန်မာပြည် မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ KIA တပ်စခန်းများ အား မြန်မာ့တပ်မတော်မှ မြေပြင်နှင့် ဝေဟင်များမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လာခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ကြား တစ် ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်– မြန်မာ နယ်စပ်တွင် ဒေသခံ ပြည်သူများ အနေဖြင့် စစ်ဒဏ်လွတ်ကင်းရာသို့ ထွက်ပြေးရှောင် ခဲ့ကြရပြီး စခန်း ဇိုင်းအောင် စစ်ရှောင်စခန်းတွင် လူဦးရေ နှစ်ထောင်ကျော် ခန့်နေထိုင် နေကြရသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမှ တကျော့ပြန်တိုက်ပွဲများကြောင့် လူဦးရေ တစ်သိန်းနီး ပါးခန့်သည် စစ်ပွဲဒဏ်ကြောင့် တိမ်းရှောင်နေကြရသည်။