ကျောင်းသား တပ်မတော် ခေါင်းဆောင်တစ်ဦး ဗန်းမော်-လွယ်ဂျယ်လမ်းတွင် ဖမ်းဆီးခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၂၉ ရက်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြန်မာပြည် မြောက်ပိုင်း) မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေးသည် ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းမပေါ်ရှိ စိန်လုံစစ်ဆေးရေးဂိတ် တွင် မြန်မာအစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ဗန်းမော်-လွယ်ဂျယ် လမ်း မှ ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ABSDF(မြောက်ပိုင်း) အဖွဲ့ ကော်မတီ၏ အတွင်းရေးမှူး ဒေါ်နန်းယဉ်က ယခုလိုပြောသည်။
“မနေ့ကပေါ့နော် သူ ဗန်းမော်ကနေ လွယ်ဂျယ်ကို သွားတဲ့လမ်းမှာပေါ့ သူက စိန်လုံစခန်းမှာ ဆွဲချခံထားရတယ် ပေါ့နော်။ သူ့ကိုပေးမသွားဘူးပေါ့ အဲ့လိုကျမတို့ကြားတယ်။ အခုဒီဖက်မှာတော့ ဒီတခေါက်သွားတဲ့အချိန်မှာ ဖြစ်သွားနိုင်တာက သူ့မှာ ခရီးသွားထောက်ခံစာတော့ ကျမ သေချာတော့ မသိဘူးပေါ့၊ ဒီတခေါက်ပါသွားလား မပါ သွားလားဆိုတာ သေချာမသိဘူး။ ခါတိုင်းလည်း သွားလာနေတယ်၊ မြို့ထဲမှာ။ အခုဆိုရင် ဒီနောက်ပိုင်း ၂၁ ပင်လုံ အကြိုပေါ့နော် ဆွေးနွေးပွဲတွေလည်း လုပ်ကြ တော့မယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းမှာကလည်း သွားလိုက်လာလိုက် ရှိနေတဲ့အပေါ်မှာ သွား လာနေရင်းနဲ့ပဲ လိုင်ဇာကို တချက်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဖြစ်တာပါ၊ အဲ့လိုအနေအထားမျိုး ကျမတို့ သိရပါ တယ်။” ဟု ဒေါ်နန်းယဉ် က ပြောသည်။
စိန်လုံစစ်ဆေးဂိတ်မှ ဗန်းမော်မြို့ရှိ စရဖ (ခေါ်) စစ်ဘက်ရေးရာ လုံးခြုံရေးတပ်ဖွဲ့ ရုံးမှ စစ်ဆေးမေးမြန်းစရာများ ရှိနေသည့် အတွက် ဗန်းမော်မြို့တွင် ယနေ့အချိန်ထိ ဆက်လက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်း အသိမိတ်ဆွေ များထံမှ တဆင့် သိရသည် ဟု ဒေါ်နန်းရင် က ပြောသည်။
ရဲဘော်မင်းဌေးသည် ABSDF(မြောက်ပိုင်း) အဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သလို လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင်ရေး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အစည်း အဝေး တစ်ရပ်သွားတက်ရောက်ခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့သို့ အပြန်လမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ရဲဘော်မင်းဌေးကို အစိုးရတပ်မတော်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ တိုက်ရိုက်ဆက်သွယ်လို့ မရ သေးကြောင်း ဇနီးသည် ဒေါ်နန်းယဉ်က “ဖမ်းတာကတော့ စစ်တပ်ကပဲ ဖမ်းတာရှင့်။ တပ်မတော်ဖက်က ဖမ်း တယ်လို့ ကျမ တို့ သိရတယ်။ အခုတော့ ကျမ တို့ သတင်းပြန်ကြားရတာက ဗန်းမော် စရဖရုံးမှာ ရောက်နေပြီလို့ တော့ ကျမတို့ ကြားရပါတယ်။ သူနဲ့တော့ တိုက်ရိုက်မတွေ့ဘူး။ ဒါပေမယ့် ကျမတို့ဘက်က တာဝန်ရှိတဲ့လူတွေ ဆက် သွယ်ပြီး ဆောင်ရွက်နေတာကတော့ ဒီ စရဖ ဘက်ကလည်း တချို့ မေးစရာလေးတွေ ရှိတယ်၊ အဖွဲ့ အစည်းနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ ပါသွားတဲ့အပေါ်မှာ သူတို့အနေနဲ့ မေးစရာရှိလို့ပါဆိုတာမျိုးတော့ စိတ် မပူနဲ့ ဆို တာမျိုးတွေ ကျမတု့ိကို အသိတွေက တဆင့် ပြန်ကြားရတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူနဲ့တော့ တိုက်ရိုက် ဖုန်းမရ သေးဘူးရှင့်။” ဟု ပြောသည်။
ABSDF အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး ရဲဘော်မင်းဌေးအား အစိုးရတပ်မတော်မှ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် မဖြစ်သင့် ကြောင်း မြောက်ပိုင်းကျောင်းသားတပ်မတော်၏ ဥက္ကဌ ရဲဘော်လဆိုင်းက ယခုလို ပြောသည်။
“အမှန်ဆိုလို့ရှိရင်တော့ မဖြစ်သင့်ဘူးပေါ့လေနော။ မဖြစ်သင့်ဘူး ဒါပေမဲ့ ဖြစ်သွားပြီ ဖြစ်သွားတယ်ဆိုတဲ့ အနေ အထားနဲ့ နောက်တစ်ချက်က ကိုယ့်ဖက်က ဘာလိုအပ်ချက် ရှိသလဲပေါ့နော ကိုယ့်ရဲ့ ဒီ လက်ရှိအနေအထား အရ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမဲ့ ကျနော်တို့ရဲ့ သွားလာရေး ကိစ္စအ၀၀က တော့ အဲဒါ သူတို့အနေနဲ့ ဘယ်လိုများ ခွင့်မပြုနိုင်တဲ့ အနေအထားများရှိသလဲပေါ့။ ဒါ ကျနော်တို့ စဉ်းစားရတဲ့ အချက်တစ်ခု နောက်တစ်ခုကတော့ ကျနော်တို့ စဉ်းစားတာက အခုကျနော်တို့ ကျောင်းသား တပ်မတော် မြောက် ပိုင်းပေါ့နော ABSDF ဒီ မြောက်ပိုင်းဒေသမှာကျတော့ ဒီကနေ့ ထိုးစစ်ခံနေရတဲ့ မဟာမိတ် KIO/KIA နယ်မြေထဲ မှာ နေတဲ့အခါကျတော့ အခြေအနေပေါ်မှာ မူတည်ပြီးမှ ကျနော်တို့အပေါ်များ အဲသလိုလုပ်သလား ဆိုတဲ့ မေးခွန်း တွေတော့ ကျနော်တို့ ပေါ်လာတယ်ပေါ့နော။ ကျနော်တို့လည်း အတိအကျတော့ အခုထက်ထိ ဘာမှမသိရသေး ဘူး။” ဟု ရဲဘော်လဆိုင်း က ပြောသည်။
ရဲဘော်မင်းဌေး လွတ်မြောက်ရေးအတွက် ABSDF (ဗဟို) မှ တပ်မတော်မှ တာဝန်ရှိသူများ ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်နေသည့်အပြင် အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီများဖြစ်သည့် NRPC ၊ UPDJC တို့ကိုလည်း ဆက်သွယ်ထားကြောင်း သိရသည်။
ရဲဘော်မင်းဌေးသည် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နှင့်အတူ မြန်မာနိုင်ငံအကြောင်း ရိုက် ကူးထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ကောင်တစ်ဦးအနေဖြင့် တပ်မတော် စစ်ဗိုလ် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။