ကျောင်းသားခေါင်းဆောင် ဦးမင်းဌေး အား ၁၇/၁ ဖြင့် အမှုဖွင့်ထားဟု သတင်းများထွက်ပေါ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ ဒီဇင်ဘာလ ၃၁ ရက်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အဖွဲ့ ၏ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သူ ဦးမင်းဌေး အား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ယမန်နေ့က အမှုဖွင့် တရားစွဲဆိုခံ ထားရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဖွဲ့မှ တရားဝင် မသိရှိသေးကြောင်း ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ဗန်းမော်-လွယ်ဂျယ်လမ်း မှ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန်လာစဉ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရပြီးနောက် ယခုကဲ့သို့ မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆို ခံထားရသည့် သတင်းကို ကူညီ ဆောင်ရွက်ပေးနေသည့် မိတ်ဆွေများထံမှ သိရှိရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ABSDF(မြောက်ပိုင်း) အဖွဲ့ ကော်မတီ၏ အတွင်းရေးမှူး ဒေါ်နန်းယဉ်မှ ပြောသည်။

“ကြားရတာကတော့ မိုးမောက်ဖက်မှာပေါ့နော် ဒီ တပ်ကနေပြီးတော့မှ ရဲကိုလွဲလိုက်တယ်ဆိုတာ ကြားတယ်။ နောက် အမှုဖွင့် သလိုလို ဘာလိုလိုပေါ့နော အဲဒါတွေ ကြားထားတယ်။ အမှုဖွင့်တယ်ဆိုတာက ၁၇/၁ အမှု ဖွင့်တယ် အဲလိုမျိုးတော့ ကြားတယ်ရှင့်။” ဟု ဒေါ်နန်းယဉ်မှ ပြောသည်။

မိုးမောက်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်ကလည်း “နောက်ဆုံး အခြေအနေ ကတော့ မနေ့ကပဲ အမှုစွဲတင်လိုက်တယ်လို့ ကြားတာလေ။ ဒီနေ့မနက် ကျနော်က သူတို့ လူကြီးပိုင်းကို ထပ် မေးတော့ သူတို့ကလည်း ဟုတ်တယ် ၁၇/၁ နဲ့ပဲ အမှုဖွင့်လိုက်ပြီး လို့ပြောတယ်။ မိုးမောက် ရဲစခန်းက အမှု ဖွင့်တာဗျ။” ဟုပြောသည်။

ဦးမင်းဌေးအား ၁၇/၁ ဖြင့် တရားစွဲဆိုထားသည်ကို အတည်ပြုနိုင်ရန် မိုးမောက် ရဲစခန်းအား သတင်း နှင့်မီဒီ ယာကွန်ရက်မှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း အဖွဲ့သည် ကချင်လွတ် လပ်ရေးတပ်မတော် (KIO/KIA) နယ်မြေတွင် တည်ရှိနေပြီး မဟာမိတ် (KIO/KIA) ဖြင့် ဆက်ဆံမှုများ ရှိနေ သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

ဦးမင်းဌေးသည် ABSDF(မြောက်ပိုင်း) အဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင်ရေး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် အစည်း အဝေး သွားတက်ရောက်ခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မြောက်ပိုင်းဌာနချုပ်သို့ ပြန်လာချိန်တွင် လမ်း၌ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်။

ဦးမင်းဌေးအား မတရားအသင်းဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခြင်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး “ဒါကတော့ မဖြစ်သင့်ဘူးလေ အခုက သူသွားတာကလည်း အကုန်လုံး သိပြီးသားပဲနော ပြည် ထောင်စု ငြိမ်းချမ်းရေး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အဲဒီဟာ လုပ်ဖို့အတွက် အစည်းအဝေး သွား ရင်းနဲ့ ပြန်လာတာ အဲဒါလည်း တရားဝင် သတင်းပို့ပြီးမှ သွားတာလာတာ ဖြစ်တာကိုး ဖြစ်ပြီးမှပဲ စွဲတယ် ဆို တာက ဒါ မဖြစ်သင့်ဘူး။ ကျနော်တို့ကတော့ ကျနော်တို့ ဒီ (ABSDF) မြောက်ပိုင်းနေတာက ဘယ်လိုပြောမလဲ ဆိုလို့ရှိရင် ဒီကနေ့ တိုက်ပွဲ ပြင်းထန်နေတဲ့ မဟာမိတ် KIO/KIA နယ်မြေမှာ ကျနော်တို့ နေတယ်။ အဲမှာ စစ် တပ်က ထိုးစစ်ဆင် တယ်။ ဒါကြောင့်မို့ ကျနော်တို့ မဟာမိတ် KIO/KIA နဲ့ အမြဲတမ်း နေတော့ သူတို့နဲ့ ဆက်ဆံလို့ ကျနော်တို့ကို ၁၇/၁ နဲ့စွဲတယ်ဆိုတဲ့ သဘောမျိုး ဒါလုံးဝမဖြစ် သင့်ဘူးလို့ ကျနော်တို့က အဲလိုမြင် တာပါ။” ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဥက္ကဌ ဦးလဆိုင်းမှ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုအနေဖြင့် ဦးမင်းဌေး အမြန်ဆုံး လွတ် မြောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC မှတစ်ဆင့် ကြိုးစားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF )အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းမှ ပြောသည်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ ထံသို့လည်း စာပို့ထားပြီး ၁၇/၁ ပုဒ်မဖြင့် အမှုဖွင့်ထားသည့်ကိစ္စအား တရားဝင် အသိပေးအကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် မသိရှိသေးကြောင်း ဦးမျိုးဝင်း မှ ပြောသည်။

“ကျနော်တို့က ဒီကိစ္စ ပိုမိုပြီး ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့က NRPC ဥက္ကဋ္ဌဆီ စာပို့ထားတယ်။ Peace ကော်မရှင် လည်း ကျနော်တို့ စာပို့ထားတယ်။ ပြီးတော့ ကျနော်တို့ ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ ကိုလည်း ကျနော်တို့ စာပို့ထားတာပေါ့ နော။ ဒီကိစ္စ အားလုံး ဝိုင်းဝန်းကူညီ ဖြေရှင်းပေး ဆောင်ရွက်ပေးဖို့ လိုအပ်ဆိုတဲ့ ဟာကိုနော” ဟု ရဲဘော် မျိုးဝင်းမှ ပြောသည်။

ဦးမင်းဌေးသည် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နှင့်အတူ မြန်မာနိုင်ငံအကြောင်း ရိုက် ကူးထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ကောင်တစ်ဦးအနေနှင့် တပ်မတော် စစ်ဗိုလ် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အဖွဲ့သည် တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့အတူ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုး ထားသည့် အဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ထားသည့်အဖွဲ့ဖြစ်သည်။