တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် နေရပ်စွန့်ခွာရမည်ကို စိုးရိမ်နေကြ

သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်၊ ရှုခင်းသာအနီး၊ နမ့်ဖက်ကာကျေးရွာအုပ်စုရှိ ကျေးရွာတချို့နှင့် အနီးတဝှိုက်တွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည့်အတွက် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ကွက်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စု၊ နန့်မူကျေးရွာအနီး ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ “ကျမတို့ ဒီမနက်တော့ နန့်မူရွာရဲ့ အထက်နားလေ အဲ့မှာ တိုက်ပွဲသံ သေနတ်သံတော့ အကျယ် ကြီးကြားရတယ်။ ဒီ မနက် ၉ နာရီ၊ ၁၀ နာရီ လောက်ပေါ့။ ဘယ်သူတွေနဲ့ ဖြစ်လဲတော့ မသိဘူး။ ဖြစ်တဲ့နေရာက နှစ်မိုင်၊ သုံးမိုင် လောက်ပဲ ဝေးတယ်။ စိုးရိမ်ကြောက်ရွံ့နေကြတယ်။ သေနတ်သံကြားတာနဲ့ ကို ကြောက်နေပြီ။ သေနတ်သံကြားတာနဲ့ ကျမတို့ ရွာသားတွေက ကတုတ်ကျင်းတွေ တူးပြီး အဲ့တူးထားတဲ့ ကျင်းထဲမှာ ဝင်နေကြရ တယ်။ အမြဲတမ်း အဆင်သင့်ပြင်ထားရတယ်။ တခြားကို ပြေးဖို့က လည်း ကလေးတွေနဲ့ဆိုတော့ မလွယ်ဘူးလေ။ လူတိုင်းကြောက်နေကြပြီ။” ဟု နန့်မူကျေးရွာမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ၂၀၁၇ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ဇန်နဝါရီလ ၃ ရက်နေ့ တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္ဒီမြို့ဖက်ခြမ်းမှ မောင်းနှင်လာသည့် အစိုးရ တပ်မတော်၏ စစ်ကား အစီး ၂၀ ကျော်ခန့် စစ်ယာဉ်တန်း နှင့် မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့တို့အကြား ဂျန်လောင်း၊ နားဆောကြားတွင် တိုက်ပွဲတကြိမ်၊ ကွတ်ခိုင်မြို့၊ ရှုခင်းသာအနီးတွင် တကြိမ်၊ နမ့်အွမ် နှင့် ကောင်းခါးကြားတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့အနီး တဝှိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ “မနေ့ည ၇ နာရီခွဲ လောက်ကနေ စပြီး တိုက်ပွဲတွေဖြစ်တယ်။ မနေ့ကရော တနေ့ကရော တိုက်ပွဲတွေဖြစ်တယ်။ ပြီးတော့ ပန်းဆေး ရွာမှာလည်း လက်နက်ကြီးကျတယ်၊ နောက်ပြီး ကျနော်တို့ အခုနေ နေတဲ့ နေရာနဲ့လည်း သိပ်မဝေးဘူး ၂ မိုင် လောက်ပဲ ဝေးတဲ့နေရာကနေလည်း သေနတ်သံတွေကြားရတယ်။ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရ တယ်။ တခြားရွာတွေမှာလည်း ကျတယ်ပြောတယ်။ လူတော့ ဘာမှ မဖြစ်ကြဘူး။ ကွတ်ခိုင်မြို့နယ် ကျဖြူးရွာထဲ မှာတော့ စစ်တပ်ကရှိနေတယ်လို့ ကြားရတယ်။ နားဝိုင်ကျေးရွာမှာ ရောပေါ့။ ကျနော် ကတော့ မန်လုံရွာက။ ကွတ် ခိုင်က ရပ်ကွက်-၆ ကလေးမူကြို မှာ လာပြီး နေနေရတယ်။ လူဦးရေ တစ်ရာကျော်ရှိတယ်။ အခုထိ မပြန်ရသေးဘူး။” ဟု မန်လုံကျေးရွာမှ ကွတ်ခိုင်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာများထဲသို့လည်း လက်နက်ကြီးကျည်ဆံများ ကျရောက်မှုများ ရှိနေသည်ဟု သိရသည်။

ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် မေတ္တာဖောင်ဒေးရှင်း တို့မှ အဆိုပါ စစ်ရှောင် ပြည်သူများ အတွက် ရိက္ခာနှင့် လိုအပ်သည့် အကူအညီတချို့ကို ကူညီပေးနေသည်ဟု သိရသည်။

မန်လုံကျေးရွာ အနီးအနားတဝှိုက်တွင် အစိုးရတပ်မတော်မှ တပ်စွဲထားသည့်အတွက် နေရပ်ရင်းပြန်ရန် ကြောက်လန့်နေကြောင်း မန်လုံကျေးရွာမှ ကွတ်ခိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသား တစ်ဦးက ပြောသည်။

“အရမ်းပြန်ချင်ပြီ။ ပြန်လို့မရသေးဘူး။ ရွာထဲမှာတော့ စစ်သားတွေမရှိဘူး။ ဒါပေမယ့် ပတ်ပတ်လည်မှာတော့ စစ်သားတွေပဲ၊ ကျနော်တို့ကို ကွတ်ခိုင်တပ်ပေါ့ ၄၅ တပ်ရင်းမှူးပေါ့၊ ၂ ရက်အတွင်း ရွာကနေ ထွက်ရမယ် အဲလို ပြောတယ်။ မထွက်ရင် တရွာလုံး မီးရှိုးပစ်မယ်လို့ပြောတယ်။ ကြောက်လို့ အားလုံးထွက်ပြေးလာတာ။” ဟု ဒေသခံ မန်လုံရွာသား တစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့အနီးတဝှိုက်နှင့် အနီးအနားရှိ ကျေးရွာများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မန်လုံကျေးရွာ၊ ပန်ကူးကျေးရွာရှိ ဒေသခံများကို ကျေးရွာများ အတွင်းမှ အမြန်ဆုံးထွက်ကြဖို့ အစိုးရတပ်မတော်မှ ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် သွားရေး၊ လာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေကြရပြီး တစ်ချို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရစဲ ဖြစ်သည်။