စစ်ဘေးဒုက္ခသည်စခန်း ၆ ခုတွင် အရေးပေါ်အကူအညီလိုအပ်နေ
သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင် ပြည်သူများသည် တိုက်ပွဲများကြောင့် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သေး သည့်အတွက် အကူအညီများ ဆက်လက် လိုအပ်လျက်ရှိသည်ဟု သိရသည်။
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၆) နေရာမှ အိမ်ထောင်စု (၃၂၁)စု၊ လူဦးရေ စုစုပေါင်း (၁၂၆၆) ဦးအတွက် အကူအညီများ အရေးအပေါ် လိုအပ်နေခြင်းဖြစ်သည်။
စစ်ဘေးရှောင်စခန်းများ၏ လက်ရှိ လိုအပ်မှု အခြေအနေနှင့် ပတ်သက်၍ “ပြန်နိုင်တဲ့ အလားအလာ လည်း သိပ်မတွေ့သေးတော့ ကျမတို့က သစ်တော အကွက်ထဲကနေပြီးတော့ ယာယီပြောင်းရွှေ့နေ ထိုင်နိုင်ဖို့အတွက်ပေါ့ တိုက်ပွဲတွေကလည်း ဖြစ်နေစဲပဲလေ။ ကျမတို့က အမိုးအကာလေးနဲ့ တန်းလျား လေးပုံစံမျိုး အဲလိုမျိုး လုပ်ပေးဖို့ အစီ အစဉ်ရှိတယ်။ အဲဒါကျတော့ အကာလည်းလိုအပ်မယ်ကွာ အမိုး ကကျတော့လည်း လိုအပ်မယ် အဲလိုမျိုးပေါ့။” ဟု နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ် က ပြောသည်။
စစ်ရှောင်ပြည်သူများ လိုအပ်နေသည့် စားနပ်ရိက္ခာအကူအညီများအတွက် အလှူရှင်များ၊ ပရဟိတ အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကူအညီများကိုသာ အဓိက အားကိုး နေရပြီး စားသောက်နေထိုင်နိုင်ရန် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ဟု နန်းစံဟွမ်က ဆက်ပြော သည်။
“အစားအသောက်ကတော့ ဟိုကဒီက လာပံ့ပိုးတာနဲ့ပဲ ရပ်တည်သွားရတာပေါ့နော နည်းနည်း တော့ ကသီတာပေါ့။ ကျမတို့က လာပံ့ပိုးတဲ့ အဖွဲ့တွေရဲ့ ပံ့ပိုးမှုကနေပြီးတော့ တစ်ရက်ကို ဟင်းဖိုးဆိုရင် ကျမတို့က တစ်ရက်ကို ၃၀၀ နှုန်း တစ်ယောက်ကို ၃၀၀ နှုန်း အဲလောက်နဲ့ပဲ တွက်ချက်ပြီးတော့ ပံ့ပိုးပေး နိုင်တာလေ။ ပြီးရင်ဆန်ကျတော့လည်း တစ်ရက်ကို တစ်အိတ် အဲလိုမျိုးပေါ့။ အဖွဲ့လိုက် အဖွဲ့ လိုက် ကိုယ့်ဟာကို ကိုယ့်ရွာအလိုက်ပေ့ါနော အဲလို ချက်စားကြတာ နည်းနည်းဝေးတဲ့နေရာ ရောက် နေတော့လေ ပံ့ပိုးမှုကတော့ တစ်ခြားနေရာနဲ့စာရင် နည်းနည်းတော့ အားနည်းသေးတာပေါ့။ ဒါပေမဲ့ လိုအပ်ချက်ကတော့ တကယ်ရှိနေတုန်းပဲပေါ့။ ၆ လကျော် ၇ လ နီးပါး ရှိပြီလေ ၈ ရက်နေ့ဆိုရင် ၇ လ ပြည့်ပြီကော ရောက်နေတာဆိုတော့ နည်းနည်းတော့ ကြာလာပြီ တော့ နည်းနည်းတော့ ကသီ လာပြီပေါ့။”
မူလက စစ်ရှောင်စခန်း ၅ ခု ရှိနေရာမှ ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်ဘေးရှောင် စခန်း တစ်ခု ထပ်မံတိုးချဲ့ လိုက်ရသည့်အတွက် ၆ ခု ဖြစ်လာသည်ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်စခန်း ကော်မတီဝင် ဦးစိုင်းဘဉာဏ်မှ ယခုလိုပြောသည်။
“အခုကျနော်တို့ camp-စခန်း (၅) ခုကနေ (၆) ခုပြန်ဖြစ်လာတယ်။ ၆ ခုဖြစ်လာတာက ဒီနေ့ အသစ်တိုး တာပေါ့ အသစ်တိုးတဲ့ ဥစ္စာက ကျနော်တို့ ဗုဗ္ဗာရုံဘုန်းကြီးကျောင်းမှာ အဲဒီ ဟောင်နား ရွာက ၁၀ အိမ် ထောာင်စု ၃၄ ဦး ထပ်တိုးလာတယ်။” ဟု ဦးစိုင်းဘဉာဏ်က ပြောသည်။
စစ်ရှောင်ပြည်သူများသည် ရွှေမြင်သာ ရှမ်းဘုန်းကြီးကျောင်း၊ ဗုဗ္ဗာရုံ ဘုန်းကြီးကျောင်း၊ ရပ်ကွက် (ဂ) လီဆူစခန်း၊ KBC ကချင်နှစ်ခြင်း ဘုရားကျောင်း (၁)၊ KBC ကချင်နှစ်ခြင်း ဘုရားကျောင်း (၂) နှင့် ကက်သလစ် ဘုရားကျောင်း စသည့် နေရာ (၆) နေရာတွင် နေထိုင်နေကြသည်ဟု သိရသည်။
စစ်ရှောင်စခန်းရှိပြည်သူများသည် ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် မိုင်းမော် ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိုင်းယုတ်၊ နမ့်ဟိုင်း၊ နောင်ဆန်း ကျေးရွာအုပ်စု အတွင်း ရှိ ကျေးရွာပေါင်း (၉) ရွာမှ ပြည်သူများ ဖြစ်သည်။
စစ်ရှောင်ပြည်သူများသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ ကြောင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာခဲ့သည်မှာ (၆)လ ကျော်ရှိ ပြီဖြစ်သည်။
သို့သော် ယနေ့အချိန်အထိ ၎င်းတို့၏ ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသေးသည့်အတွက် နေရပ် ပြန်နိုင်မည့် အလားအလာများ လုံးဝနည်းပါးနေသည်ဟု သိရသည်။