နိုင်ငံတကာသံတမန်များအား လက်ရှိအစိုးရ၏နိုင်ငံရေးမူဝါဒများ ချပြ
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ဇန္နဝါရီလ ၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Empress Hotel တွင် ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးချူပ်မှ ဦးစီးပြီး ည ၆ နာရီက အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။
လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကီလိုမီတာ နှစ်ထောင်ခန့်ထိစပ်နေသည့် ထိုင်း မြန်မာ နှစ်နိုင်ငံ ရင်းနှီးချစ်ခင် ဆက်ဆံခဲ့မှု အခြေအနေ၊ လက်ရှိမြန်မာအစိုးရ၏ နိုင်ငံရေး မူဝါဒနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ များနှင့် ရခိုင်ဒေသတွေဖြစ်ပေါ်နေသည့် အခြေအနေများကို တရားဥပဒေအရ ဆောင်ရွက်နေမှုများအား နိုင်ငံတကာမှ သိရှိစေရန် အခမ်းအနား တက်ရောက်လာသည့် သံတမန်များကို ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် ဦးကောင်းစံလွင် မှ ရှင်းလင်းခဲ့သည်။
ယခုကဲ့သို့ ပြောဆိုရခြင်းသည် နိုင်ငံတကာအပါအဝင် သတင်းမီဒီယာများတွင် ကြားသိနေရသော အချက်အလက်များလွဲမှားမှု မရှိစေရန်နှင့် လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေမှန်များအား နိုင်ငံတကာမှ ရှင်းလင်းစွာ သိရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောဆိုရခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
လွတ်လပ်ရေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ ကောင်စစ်ဝန်ရုံး များမှ တာဝန်ရှိသူများ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ထိုင်းကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။