ဇိုင်းအောင်စစ်ရှောင် ၂၀၀၀ ကျော် တတိယအကြိမ် စစ်ဘေးလွတ်ရာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၉ ရက်၊ ၂၀၁၆ ခုနှစ်။
တရုတ်-မြန်မာ နယ်စပ်ရှိ ဇိုင်းအောင်စစ်ရှောင် ဒုက္ခသည်စခန်းမှ စစ်ရှောင်ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ်တလျှောက်သို့ ထွက်ပြေးနေရာမှ ယမန်နေ့တွင် အစိုးရတပ်မတော်မှ လေကြောင်းအပြင် လက်နက်ကြီး များဖြင့် ပစ်ခတ်လာသည့်အတွက် စစ်ဘေးလွတ်ရာ နေရာသစ်ဆီသို့ ထပ်မံထွက် ပြေးတိမ်း ရှောင်နေကြရ သည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များက ပြောသည်။
ဇိုင်းအောင် စစ်ရှောင်စခန်း အနီးတဝှိုက်အား မြန်မာအစိုးရတပ်မတော်မှ KIA လိုင်ဖောင်တပ်စခန်းအား သိမ်း ပိုက်ပြီးချိန်မှ စတင်ကာ ဇန်နဝါရီ ၈ ရက်နေ့အထိ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် မကြာခဏ လာရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
လက်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခြေအနေနှင့် ပတ်သက်၍ “အခြေအနေကတော့ ဇိုင်းအောင်အနီး အနားမှာ တိုက်ပွဲဖြစ်တာက မရပ်မနားပေါ့။ လေယာဉ်နဲ့ပစ်ခတ်တယ်။ ပြီးရင် သေနတ်ကြီးတွေနဲ့ပေါ့နော် ပစ်ကြ တယ်။ လက်ရှိ ဒုက္ခသည်တွေက အခု ဇိုင်းအောင် camp နဲ့ လေး ငါး မိုင် အကွာပေါ့ အဲ့မှာစုရုံးပြီး အဲ့မှာနေ နေ ကြတယ်။ အဲ့မှာလည်း ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာတော့ မပြောတတ်ဘူးလေနော်။ ဒါပေမယ့် လွတ် ရာလွတ်ကြောင်းပေါ့။ အခုနေနေတဲ့နေရာက နယ်စပ်ပဲပေါ့။ နာမည်လည်း မတပ်ရသေးဘူး။ အရင်က အဲ့နေရာက ဘယ်သူမှမနေဘူး။ အားလုံးတော့ မရောက်လာသေးဘူး။ တချို့တလေတော့ ရောက်လာကြပြီ။” ဟု ဇိုင်းအောင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည် ဆရာ ဦးတူးဆန်အောင် က ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း အစိုးရတပ်မတော်နှင့် KIA တို့အကြား တနေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများ၊ လေယာဉ်များဖြင့် အစိုးရတပ်မတော်ဘက်မှ ပစ်ခတ်ခဲ့သည်ဟု စစ်ရှောင် ဒုက္ခသည်များက ပြောသည်။
ဇိုင်းအောင် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၂၆၀၀ ကျော်သည်။
တိုက်ပွဲများကြောင့် ဇိုင်းအောင် စခန်းအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလာသည့်အတွက် နေ ထိုင်ရန် မဖြစ်နိုင်သောကြောင့် စစ်ဘေးရှောင် အချို့မှာ ခေါင်ရှောင်စစ်ရှောင်စခန်းသို့ လည်းကောင်း၊ အချို့ မှာ တရုတ်-မြန်မာနယ်စပ် ဝိုင်းမော် လမ်းမကြီးတလျှောက်တွင် ပြောင်းရွှေ့နေထိုင်နေရစဲဖြစ်ပြီး ယမန်နေ့မှစတင်၍ အဆိုပါနေရာများမှ ထပ်မံထွက်ပြးရခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ရှောင်ဒုက္ခသည် ၂၀၀၀ နီးပါးခန့်မှာ လက်ရှိပြောင်းရွှေ့နေထိုင်နေသည့် နေရာသစ်တွင် ရောက်ရှိ နေပြီဖြစ် သည်ဟု ဇိုင်းအောင် စစ်ရှောင်စခန်း အတွင်းရေးမှူးက ပြောသည်။
“ကျနော်တို့ဆီမှာ လက်နက်ကြီးတအားကျလို့ ဒီဖက်ကိုပြောင်းလာတာ။ အခုလောလောဆယ်တော့ မိုးကာတွေ ဘာတွေနဲ့ လုပ်နေတယ်။ ကားလမ်းပေါ်မှာနေနေတာတွေ အကုန်လုံးကို ဒီဖက်ကို ရွှေ့နေတာပါ။ အခုဒီဖက်ကို ဇိုင်းအောင်မှာတုန်းက လူဦးရေ ၂၀၀၀ ကျော်၊ မိသားစု အိမ်ခြေက ၆၀၀ ကျော်မှာ အခုဒီဖက်ကို ၄၀၀ ကျော် လောက် ရောက်လာပြီ။ အများပိုင်း ရွှေ့ပြီးနေပြီ။ တချို့ကတော့ ခေါင်ရှောင်မှာ၊ တချို့တော့ လမ်းမပေါ်မှာပဲ ရှိ သေးတယ်။ ငါးနှစ်လောက်နေလာတဲ့နေရာကနေ တခါတည်း ပြောင်းဖို့ကတော့ မလွယ်ဘူးလေ” ဟု ဇိုင်းအောင် စစ်ရှောင်စခန်း အတွင်းရေးမှူးက ပြောသည်။
ဇိုင်းအောင်စစ်ရှောင်စခန်းအနီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများကြောင့် လက်နက်ကြီးများ ကျရောက်ခဲ့သည့် အတွက် တရုတ်-မြန်မာနယ်စပ် နှင့် ဝိုင်းမော် လမ်းမကြီးတလျှောက် ထွက်ပြေးနေရာမှ ယခုခါ အစိုးရတပ်မ တော်မှ ထပ်မံပစ်ခတ်မှုများ ပြုလုပ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များက ပြောသည်။
စစ်ရှောင်ပြည်သူများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ လာရောက်ကူညီထားပြီး လက်ရှိအနေ အထားတွင် ဆေးဝါးများလိုအပ်နေသည်ဟု ဇိုင်းအောင် စစ်ရှောင်စခန်း အတွင်းရေးမှူးက ဆက်ပြောသည်။
“အခုလောလော အရင်က ပါလာတဲ့ ဆန်တွေဘာတွေနဲ့ အခုလောလောဆယ် KBC က ထုတ်ထားပေးတဲ့ ဆန် တွေဘာတွေနဲ့ စားနေကြတယ်။ နောက်ပိုင်းတော့ လိုလာမှာပေါ့နော်။ အခုလောလောဆယ် ဆေးဝါးတွေ ဘာ တွေ နည်းနည်းလိုနေတယ်။” ဇိုင်းအောင် စစ်ရှောင်စခန်း အတွင်းရေးမှူးက ပြောသည်။
KIA လိုင်ဖောင်စခန်းအနီးရှိ စခန်းငယ်များကို အစိုးရတပ်မတော်စစ်ကြောင်းမှ ဇန်နဝါရီလ ၈ ရက်နေ့က ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်ဟု အစိုးရသတင်းမီဒီယာတခုဖြစ်သည့် မြဝတီ သတင်း Facebook စာမျက်နှာမှာ ဖော်ပြခဲ့ သည်။
အစိုးရတပ်မတော်မှ လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်သိမ်းပိုက်ခဲ့ကြောင်း အဆိုပါ စာ မျက်နှာတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ KIA လိုင်ဖောင်တပ်စခန်းနှင့် အနီးအနားရှိ အခြား တပ်စခန်းငယ် (၇) ခုကိုလည်း မြေပြင်ထိုးစစ်များအပြင် လေကြောင်းအသုံးပြုကာ ဒီဇင်ဘာလ (၂၇) ရက်နေ့က အစိုးရတပ်မတော် က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။