၁၇/၁ ဖြင့် ဖမ်းဆီးထားသည့် ကျောင်းသားခေါင်းဆောင် လွတ်မြောက်ရေး ABSDF ဗဟိုမှ ခေါင်းဆောင်များ ဗန်မော်ခရီးစဉ်စတင်
သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၉ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုကော်မတီဝင် နှင့် မြောက်ပိုင်း ကော်မတီဝင် ဦးမင်းဌေး လွတ်မြောက်ရန်အတွက် ကျောင်းသားတပ်မတော် ဗဟို ကော်မတီဝင်များမှ JMC ၏ အစီအစဉ်ဖြင့် ဗန်းမော်သို့ သွားရောက်ကာ အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့တွင် ABCDF ဗဟိုကော်မတီမှ ခေါင်းဆောင် တချို့သည် တနိုင်ငံလုံး ပစ် ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ အစီအစဉ်ဖြင့် ကချင်ပြည် နယ် ဗန်းမော်မြို့သို့ သွားရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ “သူနဲ့တွေ့ဖို့ ကျနော်တို့ ကြိုးစားနေတယ် အခုကျနော်တို့က သူ့ဆီ ကို သွားနေတယ်။ ကျနော်တို့က မန္တလေးရောက်ပြီ။ မနက်ဖြန်ကို ကျနော်တို့ ဆက်ထွက်မယ် လေနော်။ မနက်ဖြန် ကျနော် တို့ ဗန်းမော်ရောက် သွားမယ်။ ဗန်းမော်ရောက်သွားပြီး ကျနော်တို့ က ဒီနေ့ ၉ ရက်နေ့ ပေါ့နော၊ မနက်ဖြန် ၁၀ ရက်ပေါ့ ၁၁ ရက်ဆိုတော့ ကျနော်တို့ အခြေအနေ တစ်စုံတစ်ရာ သိရမှာပါနော။ ဗန်းမော် ရောက်ပြီဆို ၁၁ ရက်နေ့ကျတော့ ကျနော်တို့ သူနဲ့တွေ့ဖို့ ကျနော်တို့ ဆက်ပြီးတော့ ဆက်သွယ်မယ် ပြီး ရင် အဲဒီက အာဏာပိုင် တွေနဲ့ပေါ့လေ ကျနော်တို့ တွေ့မယ်။ ပြီးရင် ကျနော်တို့ စကားပြောပါ့မယ်။”ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် မှ ပြောသည်။
မိမိတို့ အနေဖြင့် နှစ်ဦးနှစ်ဖက်ကြား အခက်အခဲများ ရှိလာနိုင်သော်လည်း အမြဲတမ်း ညှိနှိုင်း ဆွေးနွေး ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သွားရောက် တွေ့ဆုံ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ကောင်းမွန်သည့် အဖြေရမည်ဟု မျှော်လင့်ကြောင်း ABSDF မှ ပြောသည်။
အလားတူ ABSDF အဖွဲ့မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံမှုနှင့် ပတ်သက်ပြီး “အဖွဲနဲ့ ကျမကိုယ်တိုင်ကတော့ ဒါကောင်းတဲ့ အလားအလာဖြစ်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုမျိုးပဲ ရှိပါ တယ်။ ကျမ အနေနဲ့ကတော့ ဒီညှိနှိုင်းမှုကို အဆင်ပြေစေချင်တယ်။ ဒီညှိနှိုင်းမှုဟာ ကိုမင်းဌေး တယောက်ထဲရဲ့ process တခုထဲမဟုတ်ဘူး။ အားလုံးရဲ့ ငြိမ်းချမ်းရေး process တခုလုံး အတွက် အရေးကြီးတဲ့ image တခုလို့ လည်း မြင်တယ်။ ဆိုတော့ ဒီညှိနှိုင်းမှုကို ဆက်ပြီးတော့မှ သွားမယ်။ အဆင်အပြေဆုံး ဖြစ်ဖို့ကိုလည်း မျှော်လင့်တယ်ရှင့်။” ဟု ဦးမင်းဌေး၏ ဇနီးသည် ဒေါ်နန်းယဉ် (ခေါ်) မနှောင်းက သူ့ရဲ့ အမြင်ကို ပြောသည်။
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသည့် ဦးမင်းဌေးအား ဇန်နဝါရီ လ ၁၃ ရက်နေ့တွင် ရုံးထုတ်မည်ဆိုသည့် သတင်းများလည်း ကြားနေရကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းယဉ်က ယခုလို ဆက်ပြောသည်။
“အခုကတော့ ၁၃ ရက်နေ့ ရုံးထုတ်မယ်ဆိုတာမျိုး ကြားထားတယ်။ ဒါပေမယ့် အဖွဲ့က တာဝန် ရှိသူတွေ တော့ ဒီနေ့ လိုက်သွားကြပြီ။ ဒီနေ့သွားပြီ။ အဲ့ဒါမှ အခြေအနေ အတိအကျသိရမယ်။ တခြား ထူးထူးခြား ခြားတော့ မရှိဘူး။ အခုက ဗန်းမော်ထောင်မှာ ရောက်နေပြီ။ အဆက်အသွယ်ကတော့ သူနဲ့ တိုက်ရိုက် မရသေးဘူး။ ဒီတိုင်းကြားရတာပဲ။” ဟု ဇနီးဖြစ်သူ ဒေါ်နန်းယဉ် က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (ရ) ရက်နေ့တွင်လည်း ဦးမင်းဌေးအား ဖမ်းဆီးထိန်းသိမ်း ထားသည့် ကိစ္စနဲ့ ပတ်သက်ပြီး ABSDF မှ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ကြေငြာခဲ့သည်။
ယင်း ထုတ်ပြန်ချက်ထဲတွင် ယနေ့ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား လည်းကောင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား တည်ဆောက် နေသည့် ယုံကြည်မှုအား အထောက်အကူပြု ဖြစ်စေရေးအတွက် ရှိနေသော အခက်အခဲများကို (၂) ဖက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ရဲဘော်မင်းဌေးအား အမြန်ဆုံး ပြန် လည် လွှတ်ပေးပါရန် တိုက်တွန်း တောင်းဆိုထားသည်။
ဦးမင်းဌေးအား ၁၇/၁ ဖြင့် တရားစွဲဆို ထားခြင်းခံရသည်နှင့် ပတ်သက်ပြီး ဆလိုင်း ယောအောင် မှ သူ့အမြင်ကို ယခုလို ဆက်ပြောသည်။
“ကျနော်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပေါ့လေ ၁၇/၁ နဲ့ တရားစွဲတယ်ဆိုတာ ဒီဟာကတော့ မဖြစ် သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ၁၇/၁ ဆိုတာကလည်း တခြား မဟုတ်ပါဘူး။ KIO နဲ့ပေါ့ဗျာ။ KIO နဲ့ ဆက်သွယ်ဆောင်ရွက်မှု KIO ဆိုတာကလည်း ဒီနေ့ ငြိမ်းချမ်းရေးဖြစ် စဉ်ထဲမှာ ပါနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လေ။ ဆိုတော့ မတရားအသင်း အဖြစ် သူတို့ ချမှတ် ထားတယ်ပေါ့ ချမှတ်ထားတယ်ဆိုတော့ ကျနော်တို့လည်း သေချာတိတိကျကျ မသိဘူး ပေါ့လေ။ ဆိုတော့ အဲဒီ အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင် ရွက်တယ် ကျနော်တို့ကလည်း နေတာက လိုင်ဇာမှာနေ တာလေ။ ဆိုတော့ ဒီအဖွဲ့နဲ့ ကျနော်တို့က အတူတကွ လိုင်ဇာမှာနေတဲ့အတွက် ကျနော်တို့က ဆက်သွယ်ဆောင်ရွက်ရမှာပဲ ကျနော်တို့က သူများအိမ်မှာ နေတာပါဗျာ။ သူများအိမ်မှာနေ တယ်ဆိုတော့ အိမ်ရှင်နဲ့တော့ ကျနော်တို့က စကားပြော ရမှာပဲလေ။ ဆိုတော့ ဒီသဘော သဘာဝတော့ ရှိပါတယ်။ အဲဒီအခါ မှာ ကျနော်တို့ကို ဒီ ၁၇/၁ နဲ့ စွဲတယ်ဆိုတော့ မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုလို့ ကျနော်တို့ မြင်ပါတယ်။” ဟု ဆလိုင်းယောအောင် မှ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့မှ ဗဟို ကော်မတီဝင် တစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် လက်ရှိအချိန်တွင် ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သည့်အတွက် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်စုံ တစ်ရာ ထိခိုက်မှု ရှိကြောင်း ဆလိုင်းယောအောင်မှ ဆက်ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြန်မာပြည် မြောက်ပိုင်း) မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမင်းဌေးသည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အကောင်အထည်ဖော်ရန် ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ် မှ ဌာန ချုပ် လိုင်ဇာသို့ ပြန်လာစဉ် မိုးမောက်မြို့နယ်အတွင်းရှိ စိန်လုံစစ်ဆေးရေးဂိတ်တွင် မြန်မာ အစိုးရစစ်တပ်မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။