ရပ်ဆိုင်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်မည်

 သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

နှစ်လကြာရပ်ဆိုင်းခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် ခေါင်းဆောင်သည့် အဖွဲ့သည် ဇန္နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN မှ ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

ယခု ဆွေးနွေးပွဲသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန NRPC ရုံးတွင် နောက်ဆုံးဆွေးနွေးခဲ့သည့် UNFC မှတင်ပြထား သည့် အချက် ၈ ချက်ကိစ္စကို ဆက်လက်ဆွေးနွေးနိုင်ရန် ညှိနှိုင်းသွားမည်ဖြစ်သည်ဟု DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ ပြောသည်။

အထူးသဖြင့် ကျနော်တို့ DPN ဖက်က ဆွေးနွေးတဲ့ ၈ ချက်ကလည်း အခုထိ တိတိပပ အဖြေမရသေးဘူးပေါ့နော်၊ ဘာမှ သဘောထား မကျသေးဘူးဆိုတော့ အရင်တုန်းကတော့ ကျနော်တို့ နည်းလမ်းတွေ ရှာကြံမယ်ဆိုပြီးတော့ သဘောတူထားကြတာ ပေါ့လေ ဒါပေမယ့် ကျနော်တို့ တကယ်ပဲ တခုချင်းစီ အတွက် သဘောတူ လက်ခံနိုင်တဲ့ အခြေအနေ မရောက် သေးဘူးလေ အဲ့ဒီဟာလည်း ကျနော်တို့ ဆွေးနွေးကြမယ် နောက်ပြီး မူဘောင် ပြန်လည်သုံး သပ်မှု အစီအစဉ်လေးတွေကိုလည်း ကျနော်တို့ ရှေ့ဆက် ဘယ်လို သွားကြမယ်ဆိုတဲ့ ကိစ္စ တွေပါမယ်။ နောက် JMC ကိစ္စလည်း ပါမယ်။

 ယခုတစ်ကြိမ်တွေ့ဆုံမှုတွင် အစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ပါဝင်သည့် အဖွဲ့ဝင် ၇ ဦးတက်ရောက်မည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်ပြီး DPN အဖွဲ့ဝင် ၁၃ ဦးထဲမှ ခေါင်းဆောင်တစ်ချို့ တက်ရောက်ကြ မည်ဖြစ်သည်ဟု ပြောဆိုသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့ စည်းထားသည့် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်ဆွေးနွေးသွားရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်ဟု သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းက ရန်ကုန်မြို့ရှိ NRPC ရုံးတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်ဆိုင်းပြီး ယခုနှစ် ၂၀၁၇ ခုနှစ် ဇန္နဝါရိလတွင် ပထမဆုံးအကြိမ် တရားဝင် ပြန်လည်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။