တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၁ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ယမန့်နေ့က တအာင်း( ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး အမှတ်(၂) အထက်တန်းကျောင်း ဆက်လက် ပိတ်ထားရသည်ဟု သိရသည်။

ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲကြောင့် နမ့်ဆန်မြို့ရှိ အမှတ်(၂) အထက်တန်း ကျောင်းအား သေနတ်ကျည်ဆံများ ထိမှန်ခဲ့ရာ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်လည်း နယ်မြေ အခြေအနေအရ ပိတ်ထားရသည်ဟု သိရသည်။

“အဲဒီ စာသင်ကျောင်းတော့ စကခ ၁ တပ်ကုန်းကလေ သူတို့ဘက်က လွှတ်လိုက်တဲ့ဟာလေးတွေ ကျည်ဆံတွေ လေ။ အဲဒီမှာ ကျသွားလား ဘာလားမသိဘူး။ အဲဒီမှာ နည်းနည်းလေးရှုပ်သွားတယ်လို့ ပြောသံကြားတယ်။ ဒီနေ့ ကတော့ ဆရာ၊ ဆရာမတွေကတော့ အစည်းအဝေးလုပ်ထားတယ်။ သူတို့လည်း ကျောင်းက ပိတ်ထားရ တယ် ပေါ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် အမှတ်(၂) အထက်တန်းကျောင်းအား ကျည်ဆံများ ထိမှန်ခဲ့ သည့်အတွက် ကျောင်းဆရာ၊ ဆရာမများမှ အစည်းအဝေးပြုလုပ်၍ ယနေ့တွင် ကျောင်းပိတ်ထားရကြောင်း၊ မည်သည့်အဖွဲ့မှ ပစ်ခတ်သည့် သေနတ်ကျည်ဆံထိမှန်သည်ကို မသိရှိသေးကြောင်း၊ စီစစ်နေ သေးကြောင်း၊ အခြေအနေများ တည်ငြိမ်ပါက မနက်ဖြန်တွင် ကျောင်းပြန်လည် ဖွင့်လှစ်မည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော် မှ ပြောသည်။

ဇန်နဝါရီလ (၁၀) ရက်နေ့တွင် နမ့်ဆန်မြို့ အတွင်းသို့ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မ တော် (TNLA)မှ ဝင်ရောက် လာခဲ့သည့် အတွက် မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဆိုတာက ကြိုကြားပဲ တိုက်ပွဲတော့မဟုတ်ဘူး။ အဲဒီ facebook မှာ ဖွနေတဲ့အခါကျတော့ တိုက်ပွဲ ဖြစ် သွားတာ။ မနေ့က နေ့လည် ၁၁ နာရီ ဝန်းကျင်လောက်ကပေါ့ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းက မြို့နား တဝှိုက်မှာ ဝင်လိုက်တာ ခနဝင်နားလိုက်တဲ့ အချိန်မှာ သူတို့ ပြန်ဆုတ်တဲ့အချိန်မှာ တပ်ကတော့ လိုက်ပြီးတော့မှ သေနတ်တွေ လိုက်ပစ်နေတာ တိုက်ပွဲတော့ မဟုတ်ပါ။ မနေ့က ည ၇ နာရီ အတိကတော့ သူတို့ကတော့ အကုန်လုံး ပြန်ဆုတ်သွားတာ။” ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော် မှ ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ရိပ်သာဆောင်၊ နမ့်ဆန် အမှတ်(၂) အထက် တန်းကျောင်း၊ လက်ဖက်စက်ရုံတခုအပြင် အဆောက်အဦတချို့ သေနတ်ကျည်ဆံများ ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ယနေ့တွင် နမ့်ဆန်မြို့အတွင်း အခြေအနေတည်ငြိမ်နေပြီး မြန်မာ့တပ်မတော်မှ လုံခြုံရေးအတွက် တိုးမြှင့် ပေးထားသည်ဟု သိရသည်။

နမ့်ဆန်မြို့တွင်း ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဦးသိန်းဇော်မှ “နောက် နောင်ကျရင် ဒီလိုမျိုးမြို့ပေါ်မှာ မဖြစ်ရလေအောင်ပေါ့ နှစ်ဖက်အဖွဲ့အစည်းပေါ့နော တပ်သော်လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းသော်လည်းကောင်း၊ ဒီလိုမျိုး လူများစုစည်းတဲ့နေရာမှာ ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာလေးတွေ သူတို့ကတော့ ဆင်ခြင်ဖို့လိုတယ်လို့ ဒါပဲ ပြောချင်ပါတယ်။” ဟု ဦးသိန်းဇော်မှ ပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ နမ့်ဆန်မြို့အတွင်းသို့ မည်သည့် ရည် ရွယ်ချက်ဖြင့် ဝင်ရောက်လာသည်ကို မိမိတို့အနေဖြင့် မသိသော်လည်း TNLA ၏ ၅၄ နှစ်မြောက် တပ်မတော် နေ့ကြောင့် ဖြစ်နိုင်သည်ဟု ဦးသိန်းဇော်မှ ဆက်ပြောသည်။

နမ့်ဆန်မြို့အတွင်းသို့ TNLA အဖွဲ့မှ ဝင်ရောက်လာသည့် အခြေအနေနှင့် ပတ်သက်ပြီး TNLA မှ တာဝန်ရှိ သူများအား ဆက်သွယ်မေးမြန်းရန် တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု တစုံတရာ မရရှိခဲ့ပေ။

နမ့်ဆန်မြို့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်စစ်ကြောင်းမှ ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် TNLA လက်နက်ကိုင်တပ်ဖွဲ့ အင်အား ၂၀ ခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့ အဝင်၌ ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်မှ နမ့်ဆန်မြို့ လုံခြုံရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး facebook လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ( ဇန်နဝါရီလ ၁၁ ရက်) နေ့စွဲဖြင့် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစုပင်လုံ ညီလာခံပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာ ခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။