တရုတ်-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် ၇၀၀၀ ခန့် ဘေးကင်းလုံခြုံရေး တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန်နဝါရီ ၁၂ ရက်။ ၂၀၁၆ ခုနှစ်။
တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးတပ်တော်(KIA)နှင့် အစိုးရတပ်မတော်၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင် ဒုက္ခသည် အယောက် ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး သူတို့အတွက် အသက်အန္တရယ်မှ ကင်းလွတ်လုံခြုံရာ နေရာတစ်ခုသို့ ရောက်ရှိရေး အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
တရုတ်-မြန်မာနယ်စပ် KIA တပ်ရင်း-၃ အနီးတဝှိုက်တွင် တိုက်ပွဲများ ရက်ဆက်ဆိုသလိုဖြစ်ပွားနေပြီး စစ်ဘေး ရှောင်ဒုက္ခသည်များနှင့် ဒေသခံပြည်သူများသည် စစ်ဘေးလွတ်ရာသို့ အကြိမ်ကြိမ်ထွက်ပြေးနေရပြီး ယနေ့ အချိန်ထိ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရကြရသည်ဟု သိရသည်။
“အဓိကကတော့ ဘေးကင်းလုံခြုံတဲ့နေရာပေါ့။ လိုအပ်ချက်တွေကတော့ အားလုံးနီးပါးပဲ။ ဇိုင်းအောင်ဆိုရင် နဂိုရှိ တဲ့နေရာကနေ ပြန်ထွက်ပြေးတိမ်းရှောင်ရတဲ့ အနေအထားဖြစ်နေတော့လေ။ လိုအပ်ချက်အနေနဲ့ ပြန်ပြောမယ် ဆိုရင် အစာအဟာရကအစ၊ ကျန်းမာရေးကအစ၊ ကလေးတွေဆိုရင် တစ်လလောက်ရှိပြီ ကျောင်းမတက်နိုင်ကြ ဘူး။ အကြီးမားဆုံးလိုအပ်ချက်ကတော့ သူတို့အတွက် ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးဖြစ်နေတဲ့ အနေအထားမှာ ဖြစ်နေတယ်။ ဇိုင်းအောင်တခုပဲဆိုရင် ၂၆၀၀ ဝန်းကျင်၊ သူနဲ့ဆက်စပ်နေတဲ့ ခေါင်ရှောင်ရယ်၊ မဂါးယန် ရယ်ဆိုရင် ၇၀၀၀ လောက်ရှိတယ်။” ဟု ကချင်စစ်ရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ မှ အတွင်းရေးမှူး ကိုဂွမ်ရှာအောင် က ပြောသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးကြရာ တရုတ်နိုင်ငံဘက်ခြမ်းမှ လက်မခံခဲ့ဘူးလို့ ဆမားဇုံနယ် သင်းအုပ်ဆရာ၊ ဇိုင်းအောင်စစ်ရှောင် စခန်းမှ စစ်ရှောင် ဆရာတူးဆန်အောင်က ပြောသည်။
“အခုကျနော်တို့ နေတဲ့နေရာက သေနတ်သံက အကြီးမဟုတ်ဘူး၊ အသေးအသံအထိ ကြားနေရတော့ ပိုပြီးနီးလာ တဲ့ အနေအထားပေါ့။ အဲ့ဒါ ကြောင့် ဟိုဘက်ကမ်းကို ပြေးကြတာပေါ့။ ဒီမနက် ၄ နာရီလောက်၊ ၃ နာရီ ၄ နာရီ ပတ်ဝန်းကျင်ပေါ့၊ ဟိုဘက် တရုတ်ဘက်ကမ်း ခဏလေး ပြေးကြတာ ပေါ့။ အခုတော့ ပြန်လာပြီ။ ဟိုဘက်က နေ ခွင့်မပြုဘူးပေါ့ အဲ့ဒါကြောင့်မို့လို့ပါ။” ဟု ဆရာတူးဆန်အောင်က ပြောသည်။
ဇိုင်းအောင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ လည်း “အခုလောလောဆယ်တော့ မိုးကာတွေနဲ့ နေနေကြတယ်။ ဇိုင်းအောင်နဲ့ လေးငါးမိုင်ဝေးတယ်။ နေရာက အသစ်။ နာမည်တောင်မပေးရသေးဘူး။ အခုဒီကိုပြောင်းလာတာတောင်မကြာသေးဘူး။ အခုထပ်ပြီး ပြေးရတာ။ အရင်က ဇိုင်းအောင်စခန်းကနေ ပြေးတယ်။ လမ်းမကြီးမှာနေတယ်။ အခု ဒီနေရာကိုရောက်တယ်။ ထပ်ပြီး ပြန် ပြေးရတယ်။ ကြာရင်တော့ မလွယ်လောက်ဘူး။ ဘယ်တော့ပြန်ရမယ်ဆိုတာလည်း မသိသေးဘူ။ ပြောလို့လည်း မရဘူး။” ဟု ဇိုင်းအောင် စစ်ရှောင်စခန်းမှ စခန်းအတွင်းရေးမှူး က ပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ KIA တပ်မဟာ-၁ လက်အောက်ခံ တပ်ရင်း(၃) အနားတဝှိုက်တွင် ဒီဇင်ဘာလလယ်ပိုင်းမှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားနေရာ ယနေ့အချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု အနီး အနားရှိ စစ်ရှောင်ဒုက္ခသည်များနှင့် ဒေသခံများက ပြောသည်။
အစိုးရတပ်မတော်မှ KIA တပ်စခန်းကုန်းများအား မြေပြင်ထိုးစစ်များအပြင် လေယာဉ်များဖြင့် စဉ်ဆက်မပြတ် လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် နိုင်ငံတော် အစိုးရ၊ တပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကချင်စစ်ရှောင် ဒုက္ခသည်များအား အကူအညီ ပေးနေ သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၉ ဖွဲ့မှလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် တောင်းဆိုထားသည်။
“လက်ရှိ ဒီနေ့ ထုတ်ပြန်တဲ့ update ကတော့ လတ်တလော ဇိုင်းအောင်၊ ခေါင်ရှောင်ဝန်းကျင်မှာ ဖြစ်နေတဲ့ တိုက် ပွဲတွေကြောင့် စိုးရိမ်ထိတ်လန့်နေတဲ့ IDPs တွေရဲ့ နောက်ဆုံး အခြေအနေပေါ့။ လွန်ခဲ့တဲ့အပတ် ကလည်း ဇိုင်း အောင် IDPs camp မှာ လက်နက်ကြီး အမြှောက်ဆံ (၅) လုံးကျတယ်။ အဲ့တော့ သူတို့က ထပ်ဆင့် ထွက်ပြေးရတယ်။ အခုသူတို့က အဲ့ဒီအနားဝန်းကျင်မှာ တိုက်ပွဲတွေ ထပ်ပြင်းထန်လာတော့ မနေ့ညကပဲ တရုတ်ဘက်ကို ပြန် ပြေးရတယ်။ တရုတ်အာဏာပိုင်၊ သက်ဆိုင်ရာ ရဲတွေ အနေနဲ့ကလည်း ပြန်စစ်ဆေးပြီး မြန်မာပြည်ကို ပြန်တွန်းပို့ တဲ့အနေအထားပေါ့။ တိုက်ပွဲပြင်းထန်လာတဲ့ ဒီဟာရဲ့ဒဏ်ကို ခံရတာက လူထုတွေဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပျက် နေတဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့် ဖို့ပေါ့နော်။” ဟု ကိုဂွမ်ရှာအောင် က ပြောသည်။
အဆိုပါ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် KIA ၏ အရေးပါသည့် တပ်စခန်းကုန်းများဖြစ်သည့် ဂိဒေါင်၊ လိုင် ဖောင်နှင့် အနီးအနားရှိ အခြားစခန်းကုန်းငယ်များကိုပါ အစိုးရတပ်မတော်မှ ဒီဇင်ဘာလလယ်ပိုင်းမှစပြီး ယနေ့ အချိန်ထိ အဆင့်ဆင့် သိမ်းပိုက်မှုများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ စတင်၍ တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေး ရှောင် ဒုက္ခသည် တစ်သိန်းကျော်ခန့် ရှိသည်ဟု စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ခန့်မှန်းထားသည်။