ဝိုင်းဝန်းကန့်ကွက်မှုများကြားမှ စစ်ဆေးရေးဂိတ်သစ်အားဖွင့်လှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နှင့် သိန္နီမြို့ကြားမှ ရေပူစစ်ဆေးရေးဂိတ်ကို လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်ဟု သိရသည်။

ရေပူစစ်ဆေးရေးဂိတ်မဖွင့်လှစ်ရန် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဒေသခံများ နှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်နေသည့်ကြားမှ အကောက်အခွန် ဦးစီးဌာနမှ ဦးဆောင်၍ အဖွဲ့(၁၀) ဖွဲ့ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရေပူစစ်ဆေးရေးဂိတ်ဖွင့်လှစ်မည်ဆိုလျှင် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် ယာဉ်ကြော ပိတ်ဆို့မှုနှင့်၊ ကုန်စည်စီးဆင်းမှုများနှောင့်နှေးသွားနိုင်သည့်အတွက် ထို စစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုကို ပြန်လည်သုံးသပ် စစ်ဆေးစေလိုသည်ဟု မူဆယ်မြို့မှ ဆန်ကုန်သည်တစ်ဦးမှ ပြောသည်။

“အဂတိလိုက်စားမှုတွေ ဖြစ်လာမှာကိုစိုးတယ်၊ ကားတွေပိတ်မှာ လမ်းတွေကြပ်မှာကို စိုးရိမ်တယ်။ ပြီးရင် နဂိုက တည်းကလည်း လမ်းတွေက ကြပ်နေပါတယ်ဆိုမှ အခုလို စစ်ဆေးရေးဂိတ် ဖွင့်လိုက်တော့ ပိုပြီး ကြန့်ကြာမှာကို လည်း စိုးရိမ်နေကြတယ်လေ။ ပြီးတော့ မလိုလားအပ်ပဲ အပိုအခွန်ငွေတွေလည်း များလာ နိုင်တယ်ဗျ။ ကျနော်တို့ ဒီလမ်းက နေ့စဉ် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းပေါ့နော် လယ်ယာထွက်ကုန်တွေက နေ့တိုင်း ကားအစီးရေ ထောင်နဲ့ချီ ထွက်နေတာလေဗျာ။ အရင်ကလည်း ဒီဂိတ်က ရှိခဲ့ဖူးတယ်။ တကယ်တမ်းကျတော့ ဘာမှ ထိထိ ရောက်ရောက် မလုပ်နိုင်ဘူးလေ။ အခု ဖွင့်ထားတဲ့ မန္တလေး ၁၆ မိုင် ဂိတ်ရယ်၊ ၁၀၅ မိုင် ဂိတ် မှာ ဥပဒေ အတိုင်း လုပ်မယ်ဆိုရင် ထိရောက်နိုင်ပါတယ်။ ဆိုလိုချင်တာက ဒီဂိတ်မဖွင့်လည်း ရတယ်ဗျာ။” ဟု မူဆယ်မြို့မှ ဆန်ကုန်သည် တစ်ဦး က ပြောသည်။

ရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မည့်အစား ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်အား အဆင့်မြှင့်ခြင်း၊ ဝန်ထမ်းအင်အားများတိုးမြှင့်ခြင်းနှင့် အခြေခံအဆောက်အဦများ တိုးမြှင့်ဆောက်လုပ်ခြင်းမျိုး ဖြစ်စေချင်ကြောင်း မူဆယ်မြို့မှ ကုန်သည်များက ပြောသည်။

ရေပူစစ်ဆေးရေးဂိတ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအနေနှင့်လည်း တစုံတရာ မသိရပဲ ဖွင့် လှစ်ခဲ့တာဖြစ်ကြောင်း လားရှိုးမြို့နယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလျန်းခမ်းက ယခုလို ပြောသည်။

“နောက်တစ်ခုက ရှမ်းပြည်အစိုးရလည်း မသိရဘူး။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း မသိရဘူး။ ပြည်သူတွေကိုလည်း တစ်စုံတစ်ရာ ချပြမှုမရှိပဲနဲ့ ထလုပ်တယ်ဆိုတော့ တော်တော်လေးကို ကသိက အောင့် ဖြစ် တာပေါ့။ အဲ့ဒါတွေကြောင့် စိတ်ပူတာဖြစ်ပါတယ်။” ဦးစိုင်းဝမ်းလျန်းခမ်းက ပြောသည်။

ရေပူစစ်ဆေးရေးဂိတ် ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ ၊ အကောက်ခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အား ကန့်ကွက်စာ ပေးပို့ထားကြောင်း ဦးစိုင်းဝမ်းလျန်းခမ်း က ဆက် ပြောသည်။

“ကျနော်တို့ကတော့ ကန့်ကွက်ထားတယ်လေ။ အဂတိလိုက်စားမှုတွေ ဖြစ်လာမှာကိုစိုးတယ်၊ ကားတွေပိတ်မှာ လမ်းတွေကြပ်မှာ ကို စိုးရိမ်တယ်။ ဒီဟာကို လုံးဝမလိုလားဘူးပေါ့နော်။ လွန်ခဲ့တဲ့ အချိန်ကလည်း အမည်းစက် တွေ ရှိခဲ့တယ်ဆိုတော့ အခုအစိုးရသစ် လက်ထက်မှာ ဒီလိုပြန်လုပ်တယ်ဆိုတော့ လည်း ဒါတော်တော်လေး ကသိကအောင့် ဖြစ်ပါတယ်။ မကောင်းဘူးပေါ့နော်။” ဟု ဦးစိုင်းဝမ်းလျန်းခမ်းက ပြော သည်။

မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်နှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စစ်ဆေးရေးဂိတ် တို့ တည်ရှိပြီးဖြစ်သည့်အတွက် သိန္နီရေပူစစ်ဆေးရေးဂိတ် ထားရှိရန် မလိုအပ်ကြောင်း ကုန်သည်များက ပြောဆိုနေကြသည်။

ရေပူစစ်ဆေးရေးဂိတ်တွင် နယ်စပ်ဒေသမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို တားဆီးသွားမည် ဖြစ်သည်ဟု သိန္နီရေပူဂိတ်စခန်း အကောက်ခွန် ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသက်ထွန်းအောင် မှ ပြောသည်။

“မနေ့ကစဖွင့်တာပေါ့၊ ဌာဆိုင်ရာအားလုံး စုစည်းပြီး ဆောင်ရွက်နေပါတယ်ဗျ။ ကျနော်တို့ကတော့ ဝန်ထမ်းဖြစ်တဲ့ အတွက် အထက်က တာဝန်ပေးရင် လုပ်ဖို့ အသင့်ပါခင်ဗျ။ နယ်စပ်က ဝင်လာတဲ့ တရားမဝင်ကုန်တွေကို တားဆီး သွားမယ်။ အဂတိလိုက်စားမှုတွေ မရှိအောင် လုပ်ဆောင် သွားမယ်။ ရေပူဂိတ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာတော့ သုံးသပ်ဖို့ စောနေပါသေးခင်ဗျ။” ဟု သိန်းနီ ရေပူဂိတ်စခန်း အကောက်ခွန် ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသက်ထွန်းအောင် က ပြောသည်။

အဆိုပါ ရေပူစစ်ဆေးရေးဂိတ်တွင် အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး၊ ယာဉ်ထိန်းအဖွဲ့၊ မူးယစ်အထူးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကုန်သည်စက်မှုအသင်း၊ သစ်တော ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဌာနတို့ ပါဝင်ပြီး တာဝန်များခွဲဝေစစ်ဆေး သွားမည်ဟု သိရသည်။

ရေပူစစ်ဆေးရေးဂိတ်ကို၂၀၁၂ ခုနှစ် ဇန္နဝါရီလတွင် ပြည်သူများ၏ သဘောဆန္ဒအရ လွှတ်တော်အတွင်း ဆုံး ဖြတ်ချက်ရယူပြီး ပိတ်သိမ်းခဲ့ရာမှ ယခု တဖန် အကောက်အခွန်ဦးစီးဌာနမှ ဦးဆောင်၍ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။