တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များပါဝင်သည့် အရေးပေါ် အစည်းအဝေး ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေး ကို ယနေ့ ဇန္နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထား ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကိစ္စများ ဆွေးနွေးချမှတ်ခြင်းနှင့် UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပရေး ကိစ္စများအား အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ် ၃၀ ခန့် တက်ရောက် ဆွေးနွေးနေကြသည်။

လက်ရှိ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP နှင့် ၀ အမျိုးသားအဖွဲ့ချူပ် WNO များ ပါဝင်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။