ရွာသားများအား အစိုးရတပ်မတော်မှ ပစ်ခတ်မှုဖြစ်၊ ရွာသားတစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာအနီးတွင် အမဲ လိုက်နေသည့် ဒေသခံရွာသားသုံးဦးထဲမှ တစ်ဦးအား မြန်မာအစိုးရတပ်မတော်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများမှ ပြောသည်။

မြန်မာအစိုးရတပ်မတော်၏ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းမှ တပ်မတော်သားများနှင့် အမဲလိုက်နေသည့် ဟူးမန်းရွာသားများ ဟူးမန်းကျေးရွာအနီးတွင် တွေ့ဆုံရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ၎င်းဖြစ်စဉ် နှင့် ပတ်သက်၍ “ရွာသားတွေ တောင်ယာသွားခုတ်ရင်းနဲ့ အဲဒီတမြန်နေ့က နေ့လည်ပိုင်းဆိုရင် သူတို့ခနနားတယ် နားတဲ့အခါမှာ သူတို့ တောကောင် ကလေးတွေ့လိုက်တယ်။ တောင်ယာနားတဲ့ အချိန်မှာ တောကောင်တွေ့ လိုက်တဲ့ အခါကျတော့ အိမ်ကို ပြန်ပြီးမှ အိမ်မှာရှိတဲ့ ဓားတွေ၊ တူမီးသေနတ်တွေ အဲလိုမျိုးယူပြီးမှ အမဲ လိုက်တာပေါ့ နော။ အဲဒီအမဲလိုက်တဲ့ အချိန်မှာ သူတို့ သုံးယောက်ထွက်သွားတဲ့ အချိန်မှာ အမဲလိုက်ရင်းနဲ့ တပ်ကိုသွားတွေ့ တယ်။ တပ်ကတော့ ဒီအဖွဲ့တွေကတော့ လူငယ်လူရွယ်တွေဆိုတော့ အကုန်လုံး လက်နက် ကိုင်အဖွဲ့အစည်း သူပုန်ပဲဆိုပြီးတော့မှ ပစ်သတ်လိုက်တာ။ တစ်ယောက်က အမဲလိုက်တန်းလန်းကြီမှာ ရှေ့ကတပ်ကတော့ ဝိုင်းထားပြီး ပစ်သတ်လိုက်တယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ထွက်ပြေးလိုက်တယ်။” ဟု ရှမ်းပြည်နယ် မန်တုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် မှပြောသည်။

ထွက်ပြေးခဲ့သည့် ရွာသားနှစ်ဦးအား မြန်မာအစိုးရတပ်မတော်မှ လိုက်လံဖမ်းဆီး၍ ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု “ထွက်ပြေးတဲ့ အခါကျတော့ သူတို့ထပ်ဖမ်းတယ်။ လိုက်ပြီးတော့မှ ဖမ်းလိုက်တာပေါ့။ သုံးယောက်ထဲက တူမီးသေနတ်တစ်ယောက်ပဲပါတယ် သေနတ် ကိုင်တဲ့သူကို ပစ်သတ် လိုက်တယ်ဗျ။ နှစ်ယောက်ကအခုဆို ဖမ်းထားနေဆဲပဲ ပြန်မလွှတ်သေးဘူး။ တော်တော်လေး သူတို့က စစ်ကြောမေးတဲ့ အခါကျ တော့ တော်တော်လေးရိုက်နှက်ထားတဲ့ အပိုင်းတွေလည်း အများကြီးရှိနေတယ်ဗျ။” ဟု ဦးသိန်းဇော် က ဆက်ပြောသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ တော်လှန်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရတပ်မတော်မှ ဒေသခံရွာသား များအား လာရောက်မေးမြန်းခြင်း၊ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများသည် နှစ်စဉ်နှစ်တိုင်းနီးပါး ဖြစ်နေကြောင်း၊ ယခုအချိန်တွင်လည်း ထိုးစစ်များ ပိုမိုများလာသည့်အတွက် ယခုကဲ့သို့ ပြသာနာများ ဖြစ်လာကြောင်း ဦးသိန်းဇော်မှ ဆက် ပြောသည်။

ဖမ်းဆီးခံထားရသည့် ရွာသားများကို ဒေသခံများမှ သွားရောက်တွေ့ဆုံရန် ကြိုးစားနေသော်လည်း ယနေ့ အချိန်ထိ တွေ့ဆုံခွင့် မရသေးဘူးဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ယခုလို ပြောသည်။

“မလွှတ်သေးဘူး။ သွားတွေ့လည်းမရဘူး။ ဗမာ့တပ်မတော်က ကျနော်တို့ကြားမှာ ကိစ္စရှိသေးတယ်တဲ့။ ကျနော်တို့ သွားထုတ်မလို့ မရဘူးတဲ့။ စကား ပြောပြီးပြီ။ ဘယ်လိုပြောပြော သူတို့ လက်မခံဘူး။ သူတို့ ဆဲတာပေါ့။ အဲလို မျိုးလေ။” ဟု အမည်မဖော်လိုသူ အဆိုပါ ဒေသခံ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ် ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကို သတင်းနှင့်မီဒီယာကွန်ရက် သတင်း ဌာနမှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် လူအခွင့်အရေးချိုးဖောက်မှုများ ခံနေ ကြရသည်ဟုလည်း လူအခွင့်အရေးလှုပ်ရှားသူများ က ထုတ်ပြန်ပြောဆိုသည်။

မြန်မာအစိုးရတပ်မတော်မှ ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်မှု များရှိနေပြီး ပြည်သူများနေထိုင်သည့် ကျေးရွာများ အတွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် လေကြောင်းပစ်ခတ်မှုများပါ ရှိနေခြင်း ကြောင့် ဒေသခံများမှာ ကြောက်လန့်၍ ကျေးရွာများမှ တိမ်းရှောင် ထွက်ပြေးနေရသည်ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

“သတင်းထဲမှာ ရေးသားနေတာ တွေ့ရတယ်။ ကျနော်တို့နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်လို့ လူထုတွေကစစ် ဘေးရှောင်နေရတယ်။ ဒုက္ခရောက်နေရတယ်။ အကူအညီပေးနေရတယ်။ တကယ့်တကယ်က ကျနော်တို့ တိုက်ပွဲ ဖြစ်လို့ စစ်ဘေးရှောင်ရတာက သိပ်မရှိသလောက်ပဲ။ အများအားဖြင့်က မြန်မာ့တပ်မတော်က လက်နက်ကြီးတွေ လှမ်းပစ်တယ်။ ထင်ရာလျှောက်ပစ်တယ်။ လေကြောင်းတွေနဲ့ လျှောက်ပစ်တယ်။ အဲလိုမျိုး ဖြစ်နေတဲ့ အချိန်ကျတော့ လူထုက ကြောက်လန့်ပြီးမှ အကုန်လုံးထွက်ပြေးပြီးမှ စစ်ရှောင်ကြတာပေါ့နော။ အဲလိုမျိုးကြည့်လို့ရှိရင်တော့ မြန်မာ့တပ်မတော်က ကျနော်တို့ အဖွဲ့ကို တိုက်ခိုက်နေတာမကဘူး။ ကျနော်တို့ လူထုကိုပါ ဦးတည်ပြီး တိုက်ခိုက်နေတာ ဖြစ်တယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် မှ ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ တော်လှန်ရေးနေ့တွင်လည်း နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာအတွင်းသို့ မြန်မာ အစိုးရတပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများ လူနေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။