ဓမ္မဆရာနှစ်ဦး မူဆယ်ရဲစခန်းသို့ရောက်၊ ၁၇ (၁) ဖြင့် အမှုဖွင့်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၆ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဓမ္မအမှုတော်ဆောင် ဆရာနှစ်ဦး အားမြန်မာ့တပ်မတော်မှ မူဆယ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည် ဟု သိရသည်။

ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာဦးလန်းဂျော်ဂမ်ဆိုင်းနှင့် သင်းထောက် ဦးဒွမ်ဒေါ့ နောင်လတ်တို့ နှစ်ဦး အား မုံးကိုးမြို့နယ်၊ နမ့်ဖက်ကာ ရှေ့တန်းဗျူဟာ တပ်မ (၉၉) မှ မူဆယ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး အေးမြင့်မှ အတည်ပြု ပြောဆိုသည်။

“ဟုတ်ပါတယ်ဗျာ။ ကျနော်တို့ ဟိုဟာပေါ့ နမ့်ဖက်ကာ တပ်က တပ်မ ၉၉ ရှေ့တန်းဗျူဟာကပေါ့ အဲကလွှဲတာပဲ။ ကျနော့်ဆီကိုလွှဲပေးတာ ၂၄ ရက်နေ့ကလွှဲတာဗျ။”ဟု ဒု-ရဲမှူး အေးမြင့် မှ ပြောသည်။

မူဆယ်မြို့မ ရဲစခန်းသို့ ရောက်ရှိလာသည့် ဓမ္မအမှုတော်ဆောင် ဆရာဦးလန်းဂျော်ဂမ်ဆိုင်း နှင့် သင်းထောက် ဦးဒွမ်ဒေါ့နောင်လတ် တို့နှစ်ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည် ဟု သိရသည်။

ဓမ္မအမှုတော်ဆောင်နှစ်ဦး နှင့် ပတ်သက်၍ မုံးကိုးတိုက်ပွဲ ဖြစ်စဉ်ကာလအတွင်း တပ်မတော်စစ်ကြာင်းများ၏ လှုပ်ရှားမှုများအား လက်နက်ကိုင်အဖွဲ့များထံသို့ သတင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ ပြည်ပမီဒီယာ များနှင့် ချိတ်ဆက်၍ တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ် မမှန် ဝါဒဖြန့်ခြင်း၊ မုံးကိုးဖြစ်စဉ်မတိုင်မီ နှင့် တိုက်ပွဲကာလများအတွင်း KIA နှင့် အကြိမ်ကြိမ် ဆက်သွယ်ဆောင် ရွက်ခြင်းများကို လုပ်ဆောင်ခဲ့သူများဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ဓမ္မအမှုတော်ဆောင် ဆရာဦးလန်းဂျော်ဂမ်ဆိုင်းနှင့် သင်းထောက် ဦးဒွမ်ဒေါ့နောင်လတ် တို့နှစ်ဦးအား မူဆယ် မြို့မ ရဲစခန်းမှ တရားစွဲရန် ပြင်ဆင်နေသည်ဟုဒု-ရဲမှူး အေးမြင့်မှ ယခုလိုဆက်ပြောသည်။

“လောလောဆယ်တော့ တရားစွဲဖို့ စီစဉ်ထားတယ်ဗျ။ မူဆယ် တရားရုံးမှာ တရားစွဲမှာပါဗျ။ ကျနော်အခုတော့ ရမန်ယူထားတယ်။ အခုရမန်ကရမန် ၁၅ ရက်ရတယ်။ အဲဒီအတောအတွင်း ရမန်အတွင်းစွဲဖြစ်မှာပါ။ ရမန်ပြည့် တဲ့နေ့ စွဲမှာပါခင်ဗျ။ ဥပဒေအကြံပေးရဲ့ အကြံပြုချက်နဲ့ အညီစွဲမှာပါ။ ၁၇(၁)၊ ၁၇(၂) ပေါ့။ အဲဒါနဲ့တော့ စွဲမှာပါ။ လောလောဆယ် ကျနော်တို့ ဖွင့်ထားတာက ၁၇(၁)၊ ၁၇(၂) နဲ့ ဖွင့်ထားတာဆိုတော့ အဲထဲက သူတို့ ဥပဒေ အကြံ ပြုတဲ့ အကြံပြုချက်အတိုင်းစွဲမှာပေါ့။” ဟုဒု-ရဲမှူးအေးမြင့်မှ ပြောသည်။

အဆိုပါ ဓမ္မအမှုတော်ဆောင် နှစ်ဦးကို မြန်မာ့တပ်မတော်မှ စွပ်စွဲပြောဆိုမှုများသည် ဖြစ်နိုင်မှု မရှိကြောင်း၊ ထို့ကြောင့် အမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ လုပ်ဆောင်စေလိုကြောင်း မုံးကိုးမြို့မှ ဒေသခံများ က ပြောသည်။

မုံးကိုး ဒေသခံတစ်ဦးက “သူတို့က အဲ့လိုမျိုးမဟုတ်ပါဘူး။ တကယ့် Church (ဘုရားကျောင်း)က လူကြီးတွေပါ။ ဒေသရဲ့ မြို့မိမြို့ဖ တကယ့် လူကြီးလူကောင်းတွေပါဗျာ။ တစ်ယောက်က ကျနော်တို့ လူငယ်တွေကို ဦးဆောင် တဲ့ အမှုတော်ဆောင်ပါ။ အသင်းတော်က လူငယ်တွေကိုလည်း ကောင်းကောင်းမွန်မွန် လမ်းပြတဲ့ တရားဟော တဲ့ ဆရာပါ။ တကယ်လူကြီး လူကောင်းတွေဖြစ်ပါတယ်။ အဲ့ဒါ ဒီကဒေသခံအားလုံးကတော့ စိတ်ပူနေကြတယ်။ ဥပ ဒေအတိုင်း လုပ်စေချင်တာပေါ့နော်။” ဟု ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဓမ္မအမှုတော်ဆောင် ဆရာနှစ်ဦး၏ ရင်ဆိုင်နေရသည့် အမှုကိစ္စနှင့်ပတ်သက်၍ KBC မှ အမှန်တရားပေါ်ပေါက်အောင် ဆက်လက်လုပ်ဆောင်သွားမည် ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူးချုပ် သိက္ခာတော်ရဆရာတော် Dr.ခါလမ်ဆမ်ဆွန်မှ သတင်းနှင့်မီဒီယာ ကွန်ရက် သို့ ပြောကြားခဲ့သည်။

“ကျနော်တို့ မုံးမောင်း အသင်းတော်များအဖွဲ့နဲ့ ပူးပေါင်းပြီးမှ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျနော်တို့ ဒီ ရှမ်းပြည်နယ်က ကချင်ရှေ့နေများကွန်ရက်တွေရောပေါ့ အားလုံး ပူးပေါင်းပြီး ဆက်လက် လုပ်ဆောင်သွားဖို့ ရှိ ပါတယ်။ ကျနော်တို့ကတော့ တရားရုံးရောက်ရင်တော့ အမှန်တရားပေါ်အောင် ကျနော်တို့ ဆက်လက် ဆောင် ရွက်ဖို့ ရှိပါတယ်။” ဟု သိက္ခာတော်ရဆရာတော် Dr.ခါလမ်ဆမ်ဆွန် မှ ပြောသည်။

အဆိုပါ ဘာသာရေးခေါင်းဆောင်နှစ်ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းမုံးကိုးဒေသ၌ ဖြစ် ပွားခဲ့သည့် ဒေသတွင်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာများအားလိုက်လံ ပြသပို့ ဆောင် ပေးခဲ့သူများ ဖြစ်သည်။

မုံးကိုးမြို့ရှိကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာနှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် စတင် ပျောက်ဆုံးခဲ့ပြီး ဒေသခံများမှ မုံးကိုးဗျူဟာကုန်းသို့ မေးမြန်းရာတွင် မိမိတို့ အနေဖြင့် မသိရှိကြောင်း၊ ရောက်ရှိလာခြင်းမရှိကြောင်းသာ ဖြေကြားခဲ့သည့်အတွက် ပျောက်ဆုံးနေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိပြီ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)နှင့် Fortify Rights လူ့ အခွင့်အရေးအဖွဲ့ များမှလည်း ကချင်ဘာသာရေးခေါင်းဆောင် နှစ်ဦးပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်းတို့ ကိုမည့်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများ မည်သို့ရှိနေကြောင်း မြန်မာအစိုးရအာဏာပိုင်များ အနေဖြင့် သတင်းထုတ်ပြန်ရန် ဇန်နဝါရီလ (၁၇) ရက်နေ့ကပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ၂ ရက်အကြာ (ဇန်နဝါရီလ ၁၉ ရက်) နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ မိမိတို့ ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။