DPN ခေါင်းဆောင်များ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၆ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံရန် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန္နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့ သည်နှင့် ပတ်သက်၍ UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ ပြောဆိုရာတွင် NRPC နှင့် ညှိနှိုင်းမှု ကျန့်ကြာ နေသည့်ကိစ္စ ရပ်များ အဓိက ဆွေးနွေးရန်ဖြစ်သည်ဟု ပြောဆိုသည်။

ဒီ နှစ်ဖက်ကြားမှာ အမြင်တွေ ညှိလို့မရလို့ ကျန့်ကြာနေတဲ့ ကိစ္စကိုနည်းနည်း ပြန်ညှိဖို့ပါ။ ဒီ အားလုံး ပါဝင်ရေး ကိစ္စတို့ နော်၊ အဲ့ဒီ သုံးပွင့်ဆိုင် ကိစ္စတို့ နောက် ဒီ ထိုးစစ်ရပ်စဲရေး တို့ စသဖြင့်ပေါ့ဗျား၊

ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ၇ ပွင့်ဆိုင်အဖြစ် NCA အပစ်ရပ်အဖွဲ့ ၈ ဖွဲ့နှင့် သတ်မှတ်ခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူ များ ဟူ၍ သဘောတူခဲ့ကြသည်။

သို့သော် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အနေဖြင့် တန်တူအခွင့်အရေးရှိရန် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်များမှ တစ်ပွင့်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးမှ တစ်ပွင့် နှင့် နိုင်ငံရေးပါတီများမှ တစ်ပွင့် ဟူ၍ ၃ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးရေးမူကို တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ဆွေးနွေးညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

သုံးရက်ကြာ ကျင်းပခဲ့သည့် UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှနေ၍ ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအားလည်း အစိုးရမှ လေ့လာသူအနေဖြင့် ဖိတ်ကြားလာလျှင် တက်ရောက်မည်မဟုတ်ကြောင်း UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ သတင်း ထောက်များအား ပြောဆိုခဲ့သည်။

လာမည့် ဒီ ၂၁ ပင်လုံ တက်ဖို့ဆိုတဲ့ ကိစ္စကတော့ အရင်က အန်ကယ်တို့ရဲ့ သဘောထား အတိုင်းပါပဲ တကယ်လို့ လေ့လာသူအနေနဲ့ပဲ ဖိတ်မယ်ဆိုရင်တော့ မတက်ဘူး။ နောက်ပြီးတော့ တက်မယ်ဆိုရင်တော့ UNFC အဖွဲ့ဝင် အားလုံး ပါဝင်နိုင်ခွင့်ရှိစေရမယ် နော်။ တခြားအဖွဲ့တွေနဲ့ တန်တူရည်တူ လွတ်လွတ်လပ်လပ်ပေါ့ဗျား ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမျိုးဆိုရင်တော့ တက်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လေ့လာသူအနေနဲ့ ဆွေးနွေးခွင့် မရှိဘူးဆိုရင် ကျနော်တို့ မတက်ဘူး တက်ရင်လည်း ဘာထူးမလဲ ကိုယ့်အမြင်တွေ အာဘော်တွေ ပြောပိုင်ခွင့် မှ မရှိပဲ၊ သူတို့ကို သိက္ခာမြင့်ပေးရုံပဲ ပါရမီဖြည့်ရုံပဲ ဆိုတဲ့ အနေအထားမျိုးဆိုတော့ ကျနော်တို့ မလုပ်ဘူးလေ။ လွတ်လွတ်လပ်လပ်နဲ့ တခြားအဖွဲ့တွေနဲ့ တန်တူရည်တူဆိုရင်တော့ တက်မယ် ဆွေးနွေးမယ်။

အစည်းအဝေးတွင် UNFC အဖွဲ့မှ NCA နောက်ဆက်တွဲသဘောတူစာချူပ် လက်မှတ်ရေး ထိုးနိုင်ရန် တင်ပြထားသည့် အချက် ၉ ချက် ကိစ္စအား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်းရန် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ သည်ဟု သိရသည်။

ဒုတိယအကြိမ် ကျင်းပမည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ညီလာခံကို လာမည့် မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ကျင်းပရန် ယာယီသတ်မှတ်ထားကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု နိုင်ဟံသာ မှ ပြောသည်။

လက်ရှိ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP နှင့် ၀ အမျိုးသားအဖွဲ့ချူပ် WNO များ ပါဝင် သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။