မြောက်ပိုင်းဒေသတွင် နှစ်သစ်ကူး ကာလ တိုက်ပွဲများ ဆက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
တရုတ်နိုင်ငံ ကိုယ်စားလှယ်က တရုတ်နှစ်သစ်ကူးကာလ အတွင်း တိုက်ခိုက်မှုများ လျော့ချရန် တောင်းဆိုထား သော်လည်း နှစ်သစ်ကူး အကြိုဖြစ်သည့် ဇန္နဝါရီလ ၂၆ ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များလှုပ်ရှားရာ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် လောက်ကိုင်ဒေသအတွင်းတွင် ဇန္နဝါရီလ ၁၉ ရက်မှ ၂၄ ရက်နေ့အတွင်း တိုက်ပွဲ အနည်းဆုံး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန္နဝါရီလ ၂၅ ရက်နေ့တွင် ပြင်းထန်သော တိုက်ပွဲ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာ အစိုးရ တပ်ဖက်ကမူ တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပါ။
မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် ကန့်သတ်စစ်ဖြစ်သည့်အတွက် တိုက်ပွဲများအားလျှော့ချလိုသော်လည်း မြန်မာ့တပ်မတော်မှ မိမိတို့ လှုပ်ရှားရာ တောတွင်းသို့ ဝင်ရောက်လာသည့်အတွက် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားရကြောင်း၊ မြန်မာ့တပ်မတော် မှ တပ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက် လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟုတအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံလည်းဖြစ် မြောက်ပိုင်းမဟာမိတ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လည်း ဖြစ်သည့် ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။
“တိုက်ပွဲကတစ်ဖက်သတ် ရပ်လို့မရတဲ့ အရာဖြစ် တော့ သူကခဲယဉ်းတာပေါ့။ ကျနော်တို့တော့ မဖြစ်အောင် ကျနော်တို့တော့ ရှောင်တယ်။ ကျနော်တို့နေတဲ့ တော တွင်းထဲထိကို မြန်မာ့တပ်မတော်က လိုက်လံပြီးတိုက်ခိုက်နေတဲ့ အနေအထားရှိတော့ တစ်ခါတစ်လေတော့ နှစ်ဖက်ဆုံမိတဲ့အချိန်ကျတော့ တိုက်ပွဲ ဖြစ်တာပေါ့။”
အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “အဲ့ဒါတော့ တော်တော်တော့ ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ တဖက်နဲ့တဖက်က သူစတယ် ကိုယ်စတယ်ဆိုပြီး အပြစ်တင်နေကြ တာ လေ။ အဲ့ဒီအခြေအနေကို တိတိကျကျ ဘယ်သူက စတိုက်တယ်ဆိုတာကို ပြောမှပဲ ပြောလို့ရမှာပေါ့။” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံ၏ အာရှ ရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang တို့ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံစဉ် တရုတ်နိုင်ငံက တိုက်ပွဲများလျှော့ချရန် သို့မဟုတ် ရပ်တန့်ထားရန် တောင်းဆိုထားသည်။
နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ရာတွင် အစိုးရအနေဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု ကူမင်းဆွေးနွေးပွဲတွင် တရုတ်ကိုယ်စားလှယ်က ပြောခဲ့သည်။
တိုက်ပွဲများ ယခုလို ပြင်းထန်လာခြင်းမှာ တွေ့ဆုံဆွေးနွေးပွဲများ အကြိုဖြစ်နိုင်သည်ဟု ဦးမောင်မောင်စိုးက သုံးသပ် ပြောဆိုသည်။
“တခါတလေ ဆွေးနွေးပွဲလုပ်ခါနီးလို့ရှိရင်တော့ နည်းနည်း တင်ကြတာရှိတယ်။ တင်ကြတယ်ဆိုတာက ဒီလို ဆွေးနွေးပွဲလုပ်ရင် အပစ်ရပ်ရတာကိုး။ တွေ့ဖို့ ဆွေးနွေးဖို့ ဆိုတာက DPN နဲ့ တွေ့ဖို့လည်းရှိတယ်။ မြောက်ပိုင်း (၃) ဖွဲ့ နဲ့လည်း တွေ့ဖို့ရှိတယ်။ တွေ့မယ်လို့ ပြောနေတာပေါ့ဗျာ။ အဲ့တော့ တွေ့မယ်လို့ ပြောနေတဲ့အချိန်မှာ တွေ့လို့ သဘောတူညီချက်ရရင် အပစ်ခတ်က ရပ်ရတော့မှာကိုး။ အပစ်ရပ်ရမယ်ဆိုရင်တော့ ရောက်တဲ့နေရာမှာ နှစ်ဖက် စစ်တပ်တွေက ရပ်ရမှာကိုး။ အဲ့လိုအချိန်မျိုးရောက်ရင် အရေးကြီးတဲ့ နေရာကို ဦးတဲ့သဘောသဘာဝရှိပါတယ်။” ဟု ဦးမောင်မောင်စိုး က ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) တို့ပါဝင်သည်။