ရေကာတာတည်ဆောက်ရေးဆွေးနွေးပွဲ ဒေသခံများကန့်ကွက်

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၃၁ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သည့် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (IFC) မှ ဦးဆောင်၍ကျင်းပသည့် ရေကာတာ တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် ဒေသခံများမှ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကန့် ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Plam Spring Hotel တွင် ကျင်းပနေခြင်း ဖြစ်ပြီး မြစ်ဆုံဒေသခံရွားသားများ စုပေါင်းသွားရောက်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်ဟု အောင်မြင်သာစံပြကျေးရွာတွင် နေထိုင်သူ ဒေါ်ဂျာခေါန် မှ ပြောသည်။

အခု IFC ကပေါ့နော IFC က အခုရေကာတာ လုပ်ဖို့ တိုက်တွန်းနေတယ်။ သူတို့ အစည်းအဝေးတွေ လုပ်နေ တယ်။ အဲတော့ ကျမတို့ ဒေသခံတွေက ဒါကို စိတ်ပူလို့ပေါ့နော။ ရေကာတာ လုပ်မှာကို စိုးရိမ်လို့ ကျမတို့ ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ လူဦးရေက ၁၀၀ လောက်ရှိပါတယ်ရှင့်။ ပိုက်ဆံရှိတဲ့ လူတွေ ရေကာတာ လုပ်ဖို့ တိုက်တွန်းနေလည်း ကျမတို့ ဒေသခံတွေရဲ့ တကယ် ဒုက္ခဆင်းရဲ ခံနေရတဲ့ ဒေသခံတွေကို ကိုယ်ချင်းစာဖို့ပေါ့ နော။ မြစ်ဆုံ ရေကာတာကို ကျမတို့ ဒေသခံတွေ အားလုံးကန့်ကွက်နေပါတယ်။” ဟု မြစ်ဆုံရေကာတာစီမံကိန်း ကြောင့် အောင်မြင်သာစံပြကျေးရွာသို့ ရွှေ့ပြောင်းခံထားရသည့် ဒေသခံ ဒေါ်ဂျာခေါန် က ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် ဒေသခံများမှ ဦးဆောင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ခွင့်ပြုချက် ရယူခြင်း မရှိခဲသည့်အတွက် မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့မှ လာရောက်သတိပေးခဲ့သည်။

သို့သော် ဒေသခံများမှ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း လုံးဝရပ်ဆိုင်းရေး – ဒို့အရေး၊ ဧရာဝတီမြစ်ကို ပြည်သူတွေပိုင်ဆိုင်ရေး – ဒို့အရေး၊ ဧရာဝတီမြစ် ထာဝစဉ်လွတ်လပ်စွာ စီးဆင်းရေး – ဒို့အရေး၊ ဒေသခံများ မူလနေရာသို့ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး – ဒို့အရေး ဆိုသည့် ကြွေးကြော်သံများဖြင့် လူဦးရေ တစ်ရာကျော်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည် ဟု သိရသည်။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်ကဏ္ဍ၏ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်(SEA) အား ဖွံ့ဖြိုးစေခြင်း ခေါင်းစဉ်ဖြင့် ဧရာဝတီမြစ်ဝှမ်းဒေသရှိ ဘက်ပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ အခြေခံတိုင်း တာချက်အပေါ် ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို (IFC) အစီအစဉ်ဖြင့် ဇန်နဝါရီ လ ၃၁ ရက် နေ့၌ မြစ်ကြီးနားမြို့တွင် ကျင်းပခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်အဖြစ် ဒုက္ခသည်စခန်းများတွင် အခက်အခဲများစွာဖြင့် ခိုလှုံနေရချိန်တွင် ယခုကဲ့သို့ ရေကာတာ တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြီး ရေကာတာများ တည်ဆောက်ရန်လုပ်နေ ခြင်းသည် လွန်စွာဆိုးရွားကြောင်း၊ ရေကာတာစီမံကိန်းများကြောင့် ဒေသတွင်း စစ်တပ်မှ လုံခြုံရေးများ ထပ်မံတိုးချဲ့ လာ နိုင်ပြီး တိုက်ပွဲများ ပိုမိုကြာရှည်ကာ ဒေသခံများ ပိုမိုဒုက္ခရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက် (BRN) အဖွဲ့ဝင်ဖြစ်သည့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ အထွေထွေ အတွင်းရေးမှူး ဦးစတီဗင်နော်အောင် က ပြောသည်။

IFC က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒါ့အနေနဲ့ ဟိုက်ဒရို ပါဝါနဲ့ ပတ်သက်တဲ့ဟာ ဆွေးနွေးဖို့ အခု နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့ အချိန်မှာ ကချင်ပြည်နယ်မှာ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာ တစ်ချို့ တိုင်းရင်း သားဒေသမှာလည်း ဖြစ်နေတယ်။ IDP တွေနဲ့ စစ်ရှောင်စခန်းမှာ လူတွေ ပြည့်နေတဲ့အချိန်မှာ IDP တွေကို ဘယ် လို ချက်ပြုတ်ကျွေးမွေးရမလဲဆိုတဲ့ ရံပုံငွေတော့ မစဉ်းစားပဲနဲ့ ဒီလိုမျိုး နိုင်ငံရေး မတည်မငြိမ်ရှိ တဲ့အချိန်မှာ စီးပွား ရေးကို ရှေ့ရှုတဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ပေါ့နော ဒီဟာတွေ ဦးစားပေးပြီးမှ လုပ်ဆောင်တဲ့ ဒီဟာတော့ အခုအချိန်မှာ ဒီဟာက ဒီအချိန် မဟုတ်ဘူးဆိုတဲ့ အနေနဲ့ ဒီလိုမျိုးလုပ်တဲ့ဟာတော့ bad time၊ bad process၊ bad Institution group ပဲလို့ ဒါမျိုး မလုပ်သင့် ဘူးပေါ့။” ဟု ဦးစတီဗင်နော်အောင်က ပြောသည်။

ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)နှင့် လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNUDP) စသည့် ကချင်ပါတီ လေးပါတီဖြင့် ဖွဲစည်းထားသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ KPCC မှ လည်း စစ်ရေးပဋိပက္ခများကြောင့် လူထုတရပ်လုံး ဒုက္ခရောက်နေချိန် ဖွံဖြိုးရေးစီမံကိန်းများ မလုပ်ဆောင်သင့်ကြောင်း၊ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းရေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြစ်ဆုံစီမံကိန်းသုံးသပ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များအား ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ရေကာတာ စီမံကိန်းများ တည်ရှိရာနေရာများသည် ဧရာဝတီမြစ်ဖျားပိုင်းနှင့် သံလွင်မြစ်ရိုးတလျှောက်ဖြစ်သည့် တိုင်းရင်းသားဒေသများတွင် ဖြစ်သည်။

၎င်းဒေသများတွင် စစ်ပွဲများ၊ နယ်မြေမတည်ငြိမ်မှုများ ဖြစ်နေသေးသည့်အပြင် အဆိုပါ ရေကာတာ စီမံကိန်း များသည် လူထုအတွက် အကျိုးမရှိပဲ ပြည်သူလူထုက ရေကာတာစီမံကိန်းများ မလုပ်ရန် တောင်းဆိုနေ သည့်ကြားမှ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လာသည့်အပေါ် စိုးရိမ်ပြီး ကန့်ကွက်ရခြင်းဖြစ်ကြောင်း BRN မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် မှ ပြောသည်။

“ဒီနိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းက သူက ရေကာတာ လာဆောက်ဖို့ ချည်းကပ်တဲ့ဟာပဲ။ သူတို့ရဲ့ Focus အဓိကကတော့ ရလာတဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံခြားကို ရောင်းချပြီးတော့မှ သူက အဲကနေရလာမယ့် အမြတ် ငွေတွေကိုပဲ သူကယူမှာ ဖြစ်တယ်ပေါ့နော။ အဲဒါကြောင့်မို့လို့ ကျနော်တို့အတွက် လုံး၀ အကျိုး အမြတ်မရှိဘူး။” ဟု BRN မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောသည်။

မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်ကဏ္ဍ၏ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်(SEA) အား ဖွံ့ဖြိုးစေခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်၏ ဌာနခွဲဖြစ်သည့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) မှ ဦးဆောင်ပြီး ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့နှင့် လွိုင်ကော်မြို့တို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက် နေ့အထိ ကျင်းပနေသည့် ရေကာတာ တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ကန့်ကွက်သည်ဟု တိုင်း ရင်းသားလူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက် (BRN) နှင့် သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် (SSN) က ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။