ဟုမ္မလင်း ရွှေတွင်း မြေပြို၊ လူ ၇ ဦး ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ရွှေတွင်းပြိုရာမှ ကလေး ၂ ဦးအပါအဝင် လူ ၇ ဦး မြေပိပြီး ပျောက်ဆုံး နေခဲ့သည်။

ဟုမ္မလင်းမြို့နယ် နမ့်တောဒေသ ထိန်ကုန်းကျေးရွာ အနီးတွင် ရွှေတူးဖော်ရာ ဇန္နဝါရီလ ၂၈ ရက်နေ့ တွင် ကမ်းပါးပြိုကျခဲ့ရာ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သေဆုံးသူများ၏ ရုပ်အလောင်းများထဲမှ လေးလောင်းရရှိခဲ့ပြီး ကျန် ရုပ်အလောင်းများကိုလည်း ဆက်လက်တူးဖော်နေဆဲ ဖြစ်သည်ဟု သိရသည်။

 “၂၈၊ ၂၉ ရက်နေ့ကျတော့ မဖော်ဖြစ်တော့ဘူး။ ၃၀ ရက်နေ့မှ စပြီးတော့ ဖော်တာ။ မနေ့ကပေါ့။ ၁ လောင်းရတယ်။ ဒီနေ့က ၃ လောင်းရပြီ။ မနေ့ကတော့ ဘက်ဖိုး ၃စီးနဲ့ဖော်တာ ဒီနေ့ကတော့ ၅ စီးနဲ့ ဖော်တာပေါ့။ အခု သုံးလောင်းရပြီ အားလုံးပေါင်း ၂ လသား ကလေးလေး ၁ လောင်း၊ မိန်းကလေး က ၂ လောင်း၊ ဒီနေ့ ၃ လောင်းရပြီ မနေ့က ၁ လောင်း အားလုံးပေါင်း ၄ လောင်းပေါ့။ အခုဆို ၃ လောင်း ကျန်သေးတာပေါ့။ အခုဆက်တူးနေတယ်။” ဟု ဟုမ္မလင်း ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသ တိုင်း ဒု-ဦးစီးမှူး ဦးဝီလီဖရန့်ကလည်း အတည်ပြု ပြောသည်။

“ဦးတို့လည်း သတင်းပဲရ လိုက်တာ။ သတင်းပဲရတာပေါနော။ ဘယ်လိုဖြစ်တာလဲလို့ ပြောရမလဲဆို တော့ ရွှေတူးတော့ ရွှေတွင်း ဆင်းတူးတဲ့အချိန်မှာ မြေကမခိုင်မာတော့ ပြိုကျတာပေါ့ အဲဒီမှာ သူတို့ လူ ၇ ယောက်ပါသွားတယ်လို့ ပိတ်မိသွားတယ်လို့ ပြောတာပဲ။ ပိတ်မိသွားတယ်လို့ ပြောတာပေါ့နော။ အကြမ်းဖျင်းသိရတာ အဲလိုမျိုး သိရတာ။”

ဟုမ္မလင်း ဒေသခံတစ်ဦးမှလည်း “ဖြစ်စဉ်က ၂၈ ရက်နေ့က ၄ နာရီခွဲ ပတ်ဝန်း ကျင် လောက်မှာ သူတို့က ဘာလည်းဆိုတော့ လက်လုပ် လက်စားတွေလေ။ လက်ကျင်ကျင်တာပေါ့။ အဲ မှာ လက်ကျင်ကျင်နေတဲ့အခါမှာ အဲမှာ ကမ်းပါးကနေ ပြီးတော့ ပြိုကျတာ အပေါ်ကနေ ဝိတ်က များ ပြီးတော့ ပြိုကျပြီးတော့ အဲမှာ ၇ ယောက်ကတော့ ကမ်းပါး ပြိုတဲ့အထဲပါသွားတယ်။” ဟု ပြော သည်။

မြေပိသွားသူများမှာ ဦးသာဆွေ၊ ဦးမောင်စိုး၊ မငွေကြည်၊ မတင်ဇာဝင်း၊ မနန်းနန်း(ခ)မမာနူး၊ ဒုတိယတန်း ကျောင်းသား မောင်ပြည့်စုံ (အသက် ၈ နှစ်) နှင့် ၂ လသားအရွယ် ယောကျ်ား တစ်ဦး စုစုပေါင်း ခုနှစ်ဦး ဖြစ်သည်။

ဟုမ္မလင်းမြို့နယ်ရှိ ဌာနဆိုင်ရာ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အရန်မီးသတ်အဖွဲ့ဝင်များနှင့် မြို့နယ် သတ္ထုတွင်း ဦးစီးဌာနတို့မှ တူးဖော်ရေးအပိုင်းတွင် ကူညီလုပ်ဆောင်ပေးလျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ လယ်ယာများ စိုက်ခင်းများအပြင် နေရာအတော်များများတွင် စက် ယန္တယားများ အသုံးပြုပြီး ရွှေတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်မှာ ဆယ်နှစ်နီးပါးခန့် ရှိလာနေပြီဖြစ်သည်။