ပန်ခမ်း ညီလာခံ သဘောတူညီချက် ဥပဒေ အထောက်ကူပြုအဖွဲ့ ကြိုဆို
မတ်လ ၇ ရက်၊ ၂၀၁၇ ခုနှစ်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများမှ NCA စာချုပ်ကို လက်မှတ်မရေးထိုးပဲ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လမ်းကြောင်းအသစ်ဖြင့် ချည်းကပ်ရန် ပန်ခမ်း အစည်းအဝေးတွင် သဘောတူခဲ့သည့် အပေါ် ဥပဒေ အထောက်အကူပြု ကွန်ရက် (Legal Aid Network) က ကြိုဆိုလိုက်သည်။
“လမ်းကြောင်းသစ်သွားမယ်ဆိုတာက ဆရာနားလည်တာက ဒီ NCA ကို ထားလိုက်တော့ လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကို ထားလိုက်တော့ အစအဆုံး အသစ်ကနေ ပြန်ဆွေး နွေးကြရအောင်ဆိုတဲ့ လမ်းကြောင်းဖြစ်တယ်။ ဆိုတော့ ဒီ လမ်းကြောင်းက မှန်တယ်လို့ ဆရာယူဆ တယ်။ အတုအယောင် NCA ကြီး NCA ပေါ်မှာ အခြေခံထားတဲ့ တစ်ကယ်တမ်း ငြိမ်းချမ်းရေး မရနိုင် တဲ့ ၂၁ ရာစု ပင်လုံညီလာခံက ရှေ့ ဆက်သွားလို့ အခက်အခဲ သိပ်ကြီးသွားပြီ ဒါကြောင့် တကယ့် စစ်မှန်တဲ့ လမ်းကြောင်းသစ်တစ်ခုကို ရှာရတော့မယ်လို့ ဆရာ နားလည်တယ်။” ဟု ဥပဒေ အ ထောက်အကူပြု ကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးမှ ပြောသည်။
NCA စာချုပ်ကို လက်မှတ်မရေးထိုးပဲ နိုင်ငံရေးဆွေးနွေးမှုတွင် ‘ဝ’ ပြည်သွေးစည်း ညီညွှတ် ရေးပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSP/UWSA) ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး လုပ်ငန်းစဉ် များကို ဆက်လက်လုပ်ဆောင်သွားကြရန် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ် သည့် ပန်ခမ်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။
တိုင်ရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး လမ်းကြောင်းသစ်ဖြင့် အစိုးရနှင့် ဆွေးနွေးသွားမည်ဆိုပါက မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပစ်ပယ်ခြင်း ခံ ထားရသည့် MNDAA ၊ TNLA နှင့် AA အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ အားလုံးပါဝင်လာနိုင်သည်ဟု ဥပဒေအထောက်အကူပြု ကွန်ရက် (Legal Aid Network) မှ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေနဲ့လည်း လက်မှတ်ရေးထိုးခြင်း၊ မရေးထိုးခြင်း ဆိုသည်ကို အသေကိုင်မထားရန်နှင့် တိုင်းပြည် ကောင်းကျိုးအတွက် စဉ်းစားရန် လိုသည်ဟု လူ့အခွင့် အရေး ရှေ့နေ ဦးအောင်ထူး မှ ယခုလို ဆက်ပြောသည်။
“ကျနော်တို့က NCA လက်မှတ်ထိုးခဲ့တာကြောင့် နောက်ဆုတ်လို့မရဘူးဆိုရင် ရှေ့တိုးလို့လည်း မရ တော့ဘူး။ ဘာကြောင့်လဲဆို တော့ တကယ်တိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအများစု သုံးပုံနှစ်ပုံလောက်က ဒီ NCA မှာ မပါဘူး။ ဆိုရင် အခု ဒီညီလာခံကြီးရဲ့ တရားဝင်မှုက ဘယ်လို ဆက်လုပ်တော့မလဲ။ လက်တွေ့အရ ဘယ်လို ပြသာနာတွေ ဖြေရှင်းမလဲ။ ဆိုရင် လက်မှတ်ထိုးထား တဲ့ အဖွဲ့တွေဖက်က ဒါကို ဖြေရှင်းပေးနိုင်တဲ့ အဖြေပေးနိုင်တာကို ဆရာ မမြင်ဘူး။ ဒါကြောင့် ဒီအ တိုင်း ဆက်သွားမဲ့ အစားတော့ အစအဆုံး ပြန်စဉ်းစားတာက တိုင်းပြည်အတွက် အကျိုးရှိမယ် လေ။” ဟု လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူး က ပြောသည်။
မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်း အဝေး ထုတ်ပြန်ချက်ထဲတွင် ပန်ခမ်း အစည်းအဝေး၏ ထုတ်ပြန်ချက်ကြေငြာချက် နှင့် နိုင်ငံရေး ဆွေး နွေးမူ ကော်မတီဖွဲ့စည်းကြောင်း ကြေငြာချက်တို့ အပေါ် PPST အနေဖြင့် သတိကြီးစွာ စောင့် ကြည့်လျက်ရှိသည်ဟု ပါရှိသည်။
ထို့အပြင် မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် စိုးရိမ်မကင်း ဖြစ်ရပြီး သက်ဆိုင်သူများ အားလုံးအနေဖြင့် တိုက်ပွဲများ ရပ်တန့် နိုင်ရေးအတွက် အမြန်ဆုံးညှိနှိုင်း ဆောင်ရွက် ကြရန် တိုက်တွန်းထားသည်။