NCA လက်မှတ်ထိုးရန် တောင်းဆိုချက်များ ခိုင်မာအောင် ထပ်မံဆွေးနွေးမည်ဟုဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ တင်ပြထားသည့် အချက် ၉ ချက် ခိုင်မာအောင် ထပ်မံဆွေးနွေးပြီးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးဆုံးဖြတ်မည်ဟု မတ်လ ၁၄ ရက်နေ့၌ ပြီးဆုံးသွားသည့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ သတင်းထောက်များကို ပြောသည်။
ဒါကတော့ အခုက မူအရပဲ ချမှတ်ထားတာကိုး၊ အဲ့ဒါကို သွားပြန်ညှိမယ် တကယ်လို့ ပြေလည်ရင်တော့ ဒါ အဆင်ပြေသလို လုပ်ဆောင်သွားဖို့ပါပဲ၊ အဲ့ဒီ ၉ ချက်ကို သွားညှိတယ် ဟုတ်လား။ ၉ ချက်ကိုတော့ မူအရတော့ လက်ခံလာပြီးပြီ ဟိုဖက်နဲ့ ဒီဖက်နဲ့ပေါ့ အလျော့အတင်းတွေ လုပ်ထားတယ်။ အဲ့ဒါကို ပိုပြီးတော့မှ ခိုင်မာအောင် နည်းနည်း သွားပြန်ညှိဖို့ တော့ လိုပါသေးတယ်။ အဓိက အားဖြင့်ကတော့ သုံးပွင့်ဆိုင် ကိစ္စ ၊ သူတို့က တို့ နဂိုမူလ က တော့ သုံးပွင့်ဆိုင်ပေါ့ဗျား၊ လက်ရှိကတော့ သုံးပွင့်ဆိုင် မဟုတ်ဘူးပေါ့ဗျား အဲ့ဒါကို ဘယ်လို နည်းနဲ့ အဖြေရှာမလဲဆိုတဲ့ ကိစ္စ။
UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ငြိမ်းချမ်းရေး ကော်မရှင်တို့နှင့် မတ်လဆန်းပိုင်းမှာ နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် အဆိုပြုချက် ၉ ချက်ကိစ္စကို တွေ့ဆုံဆွေးနွေးလာခဲ့သည့် ရလာဒ်အား ဆွေးနွေးသုံးသပ်ခဲ့ပြီး ယခုလို ဆက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မတ်လ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ထိုအစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဒုတိယအကြိမ် ညီလာခံ တွင် တင်ပြမည့် အစီရင်ခံ စာများ ညှိနှိုင်း အတည်ပြုခြင်းနှင့် UNFC အဖွဲ့၏ ဖွဲ့စည်းပုံ ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း ကိစ္စများ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ သည်ဟု နိုင်ဟံသာ မှ ပြောသည်။
သို့သော် ဒုတိယအကြိမ် UNFC ညီလာခံ ကျင်းပမည့်ရက်အား မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည်ဟု သတ်မှတ်ထားခဲ့သော်လည်း ယခုအစည်းအဝေးတွင် လက်ရှိ စစ်ရေး နိုင်ငံရေး အခြေအနေများကြောင့် ဧပြီလကုန်ပြီးနောက်ပိုင်းမှသာ ကျင်းပမည့်ရက်ကို ဆွေးနွေး ဆုံးဖြတ် သွားမည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ ဆက်ပြောသည်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ စစ်ရေး နိုင်ငံရေး အခြေအနေကြောင့်ပေါ့ဗျာ ညီလာခံကို ဒီသတ်မှတ်ရက် အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး နိုင်ငံရေး ပြသနာက တော်တော်လေးကို အခက်အခဲရှိ နေတယ်၊ အဲ့ဒီ အပေါ်မှာ ကျနော်တို့ကတော့ ဒီ အခက်အခဲကို အေးအေးဆေးဆေးနဲ့ ဖြတ် ကျော်နိုင်ဖို့ အတွက်ပေါ့လေ၊ အခက်အခဲ ဆိုတာကတော့ ပန်ဆန်းမှာဟိုမှာကတော့ သူတို့က တော့ NCA လိုင်းကို မသွားတော့ဘူး ဒီဖက်ကလည်း ကျနော်တို့ NCA လိုင်းကို ညှိနေတာ လည်း တော်တော်လေးကို နည်းနည်း တိုးတက်လာပြီးပေါ့နော် အဲ့လိုအမြင်မတူတဲ့ အနေအထား နှစ်ခုကြားမှာ ကျနော်တို့ကတော့ မကိုင်တွယ်တတ်ရင်ပေါ့နော် ကျနော်တို့ထဲမှာလည်း ကျနော် တို့ ထဲမှာလည်း အမြင်တွေ ကွဲနိုင်တယ် နောက် အခြေအနေကလည်း စစ်ရေးကလည်း တိုးလာ နိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ မြင်တယ် ဒါကြောင့် ကျနော်တို့ကတော့ အချိန်ယူ လိုက်တာ။
ယခုအစည်းအဝေးတွင် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၌ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ပန်ခမ်းဌာနချူပ်တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ထုတ်ပြန်ချက် အပေါ် ဆွေးနွေး သုံးသပ်မှုများ ရှိခဲ့သော်လည်း UNFC အဖွဲ့အနေဖြင့် ထုတ်ဖော်ပြောဆိုရန် မရှိဟု ဆက်ပြောသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့အား ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူ ဒီမိုကရက် တစ် အစည်းအရုံး LDU နှင့် ၀ အမျိုးသားအဖွဲ့ချူပ် WNO စသည့် အဖွဲ့ ၇ ဖွဲ့ ပါဝင်သည်။