ဧရာဝတီ ရေကာတာ စီမံကိန်း အားလုံးရပ်တံ့ရန် ဆန္ဒထုတ်ဖော်
၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧရာဝတီမြစ်အတွင်း တည်ဆောက်ရန် ရည်မှန်းထားသည့် ရေကာတာ စီမံကိန်းများ အားလုံး ဖျက်သိမ်းပေးရန် မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ မြစ်ချောင်း အင်းအိုင်များနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲရွာအနီးရှိ မြစ်ဆုံတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြစ်ဆုံဒေသခံများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖြစ်သော Htoi Gender and Development Foundation၊ Kachin Development Network Group (KDNG)၊ နှင့် Mungchying Rawr Jat (MRJ) အဖွဲ့အစည်းများမှ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်သူ တစ်ဦးက ပြောသည်။
“ကျမတို့က မြစ်ချောင်းအင်းအိုင်းများနေ့ ဆိုပြီးတော့ပေါ့နော ဒီ မြစ်ချောင်းပေါ်မှာ ရေကာတာတွေ လုပ်တာကို လုံး၀ မလုပ်စေချင်လို့ ကျမတို့က လုပ်တာ။ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းတွေကို အားလုံး ဖျတ်သိမ်းပေးဖို့ ကျမတို့က အဲဒါကို မလိုချင်လို့ ပြီးတော့ ဧရာဝတီ မြစ်ကြီးဟာ လွတ်လွတ်လပ်လပ် သူဟာသူစီးဆင်းနေပါစေလို့ ဘာအတားအဆီးမှ မရှိပေါ့နော စီးဆင်း နိုင်ပါစေလို့ နော။ ရေဟာ ကျမတို့ရဲ့ အသက်ပေါ့နော ကျမတို့ရဲ့ အသက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ လူသားတွေ သာမက သစ်ပင် ပန်းမာန် အားလုံးပေါ့နော တိရစ္ဆာန်တွေရဲ့ အသက်ဖြစ်တဲ့ အတွက် ရေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျမတို့ ဒါကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု မြစ်ဆုံဒေသခံ ဒေါ်ဂျာခေါန် က ပြော သည်။
အခမ်းအနားတွင် တရုတ်အစိုးရ၏ မြစ်ဆုံစီမံကိန်း လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ကချင်လူမှု ဖွံ့ဖြိုး ရေး ကွန်ရက် (KDNG) မှ ကိုစတီဗင်နော်အောင်မှ ရှင်းလင်းပြောပြခဲ့ပြီး ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ် ဝှမ်းများ အားလုံးကို သဘာဝအတိုင်း စီးဆင်းနိုင်ဖို့အတွက် ပညာရှင် ဂလောင်းဇုန်းတင့် မှ မြစ်ချောင်း များအား မည်ကဲ့သို့ ထိန်းသိမ်း ကာကွယ်သွားရမည် ဆိုသည့်အကြောင်းကို ဒေသခံများအား အမြင်ဖွင့် ပြောပြခဲ့သည်။
မြန်မာ့စွမ်းအင် မဟာ အစီအစဉ်တွင် ကချင်ပြည်နယ်အတွင်း ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ဒေသ နှင့် အခြားမြို့နယ် ကျေးရွာဒေသများတွင် စုစုပေါင်းရေကာတာ ၁၅ ခု ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည် ဟု ဒေသခံများမှ ကမ္ဘာ့မြစ်ချောင်း အင်းအိုင်များနေ့ အခမ်းအနားအပြီး ထုတ်ပြန် ချက်ထဲတွင် ပါရှိသည်။
ထို့အပြင် ရေအားလျှပ်စစ်စွမ်းအင် မီဂါဝပ် (၁၂၀) မှ မီဂါဝပ် (၃,၄၀၀) အထိ ထုတ်လုပ်မည်ဖြစ်ပြီး စုစု ပေါင်း မီဂါဝပ် (၂၀, ၉၂၀) ရရှိမည်ဖြစ်သည်။ ၂၀၃၁ ခုနှစ်တွင် ရေကာတာအားလုံးကို အပြီးအစီး တည် ဆောက် ပြုလုပ်မည်ဖြစ်သည် ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကမ္ဘာ့မြစ်ချောင်း အင်အိုင်များနေ့တွင် မြစ်ဆုံဒေသခံများနှင့်အတူ ကချင်ပြည်နယ်ရှိ ပြည်သူတစ်ရပ် လုံးက ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အားလုံးကို မလိုလားသည့်အတွက် ရေကာတာ တည်ဆောက်မှုများကို ရပ်ဆိုင်းအောင် ပြုလုပ်ပေးရန် လိုလားနေ ကြသည်။
“NLD အစိုးရက ကျနော်တို့ မဲဆွယ်ပြီးမှ အောင်မြင်သွားတဲ့ အစိုးရ ဖြစ်တယ်။ ကျနော်တို့ ပြည်သူ အား လုံးက ဒီ Dam စီမံကိန်းကို သဘောမတူ ကန့်ကွက်ကြတယ်။ အဲတော့ သူတို့လည်း ပြည်သူ ဖက်ရပ် တည် ပြီးမှ Dam ကို လုံး၀ ရပ်ဆိုင်းအောင် တရုတ်အစိုးရကို စကားပြောဖို့ လိုလားတာပေါ့နော။” ဟု Mungchying Rawr Jat (MRJ) အဖွဲ့ဝင် ဦးမုန်ရာ မှ ပြောသည်။
ကမ္ဘာ့ မြစ်ချောင်း အင်းအိုင်များနေ့ အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများ အားလုံး၏ ကျေးဇူးရှင် ဧရာဝတီမြစ်အား ဂါရဝပြုသောအားဖြင့် ဝါးဖောင်များမျှောချခြင်းကို ပြုလုပ် ခဲ့ ကြသည်။
ထို့အပြင် ဧရာဝတီမြစ်ကြီးနှင့် မြစ်ညာ၊ မြစ်ဝှမ်း Dam များအားလုံး ရပ်တန့်ရေး တို့အရေး၊ ဧရာဝတီ မြစ်ကြီး ထာဝစဉ် စီးဆင်းနိုင်ရေး ဒို့အရေး၊ ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရေး တို့အရေး၊ တိုင်းရင်းသားများမှ ဒီ ဧရာဝတီ မြစ်ကြီးကို ပိုင်ဆိုင်ရေး ဒို့အရေး၊ အစရှိသည့် ကြွေးကြော်သံများအား ကြွေးကြော်ခဲ့ကြသည်။
ဒေသခံများ အနေဖြင့် ကမ္ဘာ့ မြစ်ချောင်းအင်အိုင်များနေ့ အခမ်းအနားကို နေ့စဉ်ကျင်းပ ပြုလုပ်လျက် ရှိ ပြီး ယနေ့တွင် ကျင်းပသည့် အခမ်းအနားကို ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသခံများနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပြည်သူလူထုများ စုစုပေါင်း လူဦးရေ ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြသည်။