ရှမ်း မြောက်တိုက်ပွဲများ ပြင်းထန်
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသများတွင် မတ်လ ၁၄ ရက်နေ့က မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
မြန်မာ့တပ်မတော်မှ နမ့်ဖက်ကာ အခြေစိုက် ခလရ (၁၂၃) တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့အကြား မတ်လ ၁၄ ရက်နေ့ နံနက် ၄ နာရီမှ ၇ နာရီ ကျော်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) မှ သ တင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
“ဒီမနက်က တိုက်ပွဲ ၄ နေရာ ဖြစ်တယ်။ တစ်နေရာကတော့ ဒီ နမ့်ဖက်ကာ ဖက်မှာ ဖြစ်တယ်။ နောက်တစ်နေရာကတော့ နမ့် ကွတ်နှင့် နမ့်လွန်းကြားမှာ ဖြစ်တယ်။ နောက်တစ်နေရာက ရှုခင်းသာ မှာဖြစ်တယ်။ နောက်တစ် နေရာက တော့ ကွတ်ခိုင်ဖက်မှာ ဖြစ်တယ်။ ၄ နေရာပေါ့။”
တိုက်ပွဲမှာ ယနေ့ နံနက် ၈ နာရီခန့်တွင် အားလုံး ငြိမ်သက်သွားပြီး တိုက်ပွဲကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ဖက်မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးခြင်း မရှိပဲ မြန်မာတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။ မတ်လ ၁၄ ရက် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ လှုပ်ရှားရာ တော တွင်းအထိ မြန်မာ့တပ်မတော်ဖက်မှ ထိုးစစ်များ အတော်လေး ပြုလုပ်လာသည့်အတွက် PSLF/TNLA အနေဖြင့် ယခုကဲ့သို့ လမ်းမပေါ်သို့ ထွက်တိုက်ရခြင်းဖြစ်သည်ဟု PSLF/TNLA က ပြောသည်။
တိုက်ပွဲများကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် ထိခိုက်ဒဏ်ရာရ သူများလည်း ရှိနေ သည်ဟု သတင်းများထွက်ပေါ် နေသည်။
မြန်မာ့တပ်မတော်ဖက်မှ ထိုးစစ်များ ဆက်တိုက် ပြုလုပ်လာမည်ဆိုပါက တိုက်ပွဲများမှာ ဒီထက်မက ပိုမို ပြင်းထန်သည့် အနေအထား ရှိသည်ဟု PSLF/TNLA မှ ပြောသည်။
ယခုလက်ရှိ အချိန်အထိ ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများမှာ ငြိမ်သက်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေ သည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။
“တိုက်ပွဲ ဖြစ်တာကတော့ ရိုးရိုးပြောမယ်ဆိုလို့ရှိရင် မဆန်းဘူးလို့ ကျနော်ပြောချင်ပါတယ်။ ဘာ ကြောင့် ဆိုတော့ မနှစ်တုန်းကတော့ ပလောင်ဖက်မှာ ဖြစ်တာလေ အကြီးအကျယ်ဖြစ်တာ နောက်ပိုင်း မှာတော့ ကျနော်တို့ ကချင်ဖက်မှာ ပြန်ဖြစ်တာ ခုတော့ ကိုးကန့်ဖက်မှာ ပြန်လှည့်ဖြစ်တာ အခု ကိုးကန့်ပြီးသွားရင် ကိုးကန့်ဖက် ပြန်ရပ်သွားရင်တော့ တစ်ခြားနေရာမှာ ပြန်ဖြစ်လာမယ်လို့ ကျနော်တို့က အဲလိုမြင်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ စစ်ဆင်ရေးဆိုတာ ဘာမှ ထူးထူးဆန်းဆန်းတော့ မဟုတ် ဘူးလို့ ကျနော် ပြောလိုတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အပေါ်မှာတော့ တစ်လှည့်စီ တစ်လှည့် စီနဲ့ သူတို့က စစ်ဆင်ရေး လုပ်နေတယ်ဆိုတော့”
မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNTJP/MNDAA)၊ ပလောင် ပြည်နယ် လွတ်မြောက် ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုး သားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) တို့အား မြန်မာ့တပ်မတော်မှ လက်နက်စွန့်မှသာ အစိုးရနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရမည်ဟု ပြောဆိုထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့ အကြား မတ်လ ၆ ရက်တွင် စတင်ကာ လောက်ကိုင်မြို့ အတွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။