FPNCC ညီလာခံ တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်
မေလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) သည် မေလ ၂၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ သို့ တက်ရောက်မည်ဟု တပ်ပေါင်းစုဝင် ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဝ တပ်ပေါင်းစု အနေနဲ့တော့ ပါမယ်။ အဲ့ဒီ တစ်ကဏ္ဍတော့ ပါမယ်။ အဲ့ဘက်ကတော့ ပါမယ်။ ဒီကေအိုင်အိုသီးသန့်ကတော့ မတက်ဘူး ထင်တယ်။” ဟု သတင်းနှင့် မီဒီယာ ကွန်ရက် သို့ ပြောသည်။

ကေအိုင်အို/ကေအိုင်အေ အနေဖြင့် မေလ ၁၈ ရက်နေ့ ဖိတ်ကြားစာထဲတွင် ဖိတ်ကြားခံထားရသော်လည်း သီးသန့် တက်ရောက်မည်မဟုတ်ပဲ တပ်ပေါင်းစုတွင်သာ ပါဝင်မည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

ညီလာခံသို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တပ်ပေါင်းစုမှ  UWSA မှ ဦးပေါက်ယူရိနှင့် ဦးကျောက်ကော့်အန်း၊ AA မှ ဒေါက်တာညိုထွန်းအောင်၊ မိုင်းလားအဖွဲ့ မှ ဦးဆန်ပေ့နှင့် ဦးဆမ်လူ၊ တအာင်း(ပလောင်)အဖွဲ့ မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားနှင့် ဗိုလ်မှူး တားပန်လတို့ တက်ရောက် မှာဖြစ်ပြီး အခြား အဖွဲ့မှ တက်ရောက်မည့် ကိုယ်စားလှယ်များကို မသိရှိရသေးပေ။

ညီလာခံသို့ တက်ရောက်ရန် မေလ ၁၈ ရက်နေ့ဖိတ်ကြားမှုတွင် ပါဝင်ခြင်းမရှိသော ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော်(TNLA)၊ တို့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတို့ကြောင့် ပြန်လည်ဖိတ်ကြားခံခဲ့ရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှ အထူးဖိတ်ကြားသူ အနေဖြင့် တက်ရောက် ရန် ပေးပို့လာသည့် ဖိတ်စာကို လက်ခံ ရရှိကြောင်း နှင့် ညီလာခံသို့ ၎င်းတို့အနေဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) မှ ထုတ်ပြန်ထားသည်။

FPNCC သည် အထူးဖိတ်ကြားခံရသူများ အဖြစ် ဖိတ်ကြားခံရခြင်းဖြစ်ပြီး ညီလာခံတွင် ပါဝင် ဆွေးနွေးခွင့် ရမရ မှာမူ ရှင်းလင်းမှု မရှိသေးပေ။

အထူးဖိတ်ကြားခံရသူများကို ညီလာခံတွင် ဆွေးနွေးခွင့် ပြု မပြု အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ရမည့် အနေအ ထားရှိနေသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC – အတွင်းရေး မှူး (နိုင်ငံရေး ပါတီများ အစုအဖွဲ့ )မှ စိုင်းကျော်ညွန့် က ပြောသည်။

“သိပ်တော့မကွာဘူးပေါ့ဗျာ၊ သူက အထူး ဖိတ်ကြားတယ်ဆိုတဲ့ ပုံစံပဲ ဖြစ်တယ်။ လေ့လာသူတို့ ဘာတို့ဆိုရင် တော့ သေချာတာက ဝင်ရောက် ဆွေးနွေးခွင့်ရမှာ မဟုတ်ဘူး။ အဖွဲ့ အစည်းအကုန်လုံးကလည်း ဒီကိုလာ တယ်ဆိုရင်တော့ ဆွေးနွေးခွင့်ရမှ လာမယ့် သဘောရှိတာဆိုတော့လေ။ ဒါပေမယ့် အထူးဖိတ်ကြားခံရသူ အနေနဲ့ကလည်း ဒီအပေါ်မှာ သူတို့မလာခင်ကတည်းက အစိုးရနဲ့ ကတိကဝတ်ပုံစံ တစ်မျိုးမျိုး တစ်ခုခုပေါ့ ရှိတယ်ဆိုရင်တော့ဖြင့် ဆွေးနွေးခွင့် ပြုမလား မပြုဘူးလားဆိုတာကတော့ အစိုးရနဲ့ ညှိနှိုင်းရမယ်ထင်ပါတယ်။” ဟု စိုင်းကျော်ညွှန့်က ပြောသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်မ တော် (ULA/AA)၊  ကချင် လွတ်လပ်ရေး အဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော်(KIO/KIA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNTJP/MN DAA)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF /TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ/ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ/ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSP/UWSA)၊ စသည့် အဖွဲ့ (၇) ဖွဲ့ ပါဝင် သည်။