ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ခေါင်းဆောင်များ ထပ်မံတွေ့ဆုံမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၁ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN ခေါင်းဆောင်များသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့မှ အစိုးရထံတင်ပြထားသည့် NCA နောက်ဆက်တွဲ အချက် ၈ ချက် ကိစ္စနှင့် ပတ် သက်၍ သြဂုတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့္ဗ၌ အလွတ်သဘော ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်။

အစိုးရနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍ DPN ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး က အခု ၄ ရက်နေ့ ဟုတ်ပါတယ်။ ဟိုအရင်က သူတို့ရသွားတဲ့ဟာ ကျနော်တို့ရသွားတဲ့ဟာ Process ကိစ္စပဲ ပြန်ညှိကြမယ်လေ။ သူတို့ဟိုမှာသွားတင်တော့ ဘာတွေ ခွင့်ပြုချက် ရလာမလဲ၊ ကျနော်တို့လည်း ဒီ Process ကိစ္စရယ် နောက်တော့ ၈ ချက်မှာ နည်းနည်းတစ်စို့မှု ဖြစ်တာကို ပြေလည်အောင် ပြန်ပြောမှာပေါ့။ အဲ့ဒါပဲ။ ဒါက အလွတ်သဘော ဖြစ်ပါတယ် လို့ ပြောပါတယ်။

ယခုတစ်ကြိမ် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ တက်ရောက်ကြမည့် ကိုယ်စား လှယ်များ၏စာရင်းကို မသိရှိရသေးသလို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဘက်မှလည်း မရွေးချယ်ရသေးဘူးလို့ နိုင်အောင်မငေး က ဆက်ပြောပါတယ်။

NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ နှောင့်နှေး နေရပြီး ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေရတာဟာ တိုင်းရင်းသားတွေ လိုလားတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကိစ္စ နဲ့ နိုင်ငံတကာပူးတွဲစောင့်ကြည့်လေ့လာရေး ကိစ္စ စတဲ့ အချက် ၂ ချက် ကို ညှိနှိုင်းမရသေးပဲ ဖြစ်နေတာကြောင့် လို့ UNFC မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က ပြောပါတယ်။

ကျနော်တို့ အဆိုပြုထားတဲ့ ၉ ချက်မှာ အဓိက ကျန်နေတဲ့ တပ်ပိုင်းဆိုင်ရာ နိုင်ငံရေးပိုင်းဆိုင်ရာတွေ အဖုအထစ်လို ဖြစ်နေတာတွေ ရှိတယ်ပေါ့။ အဲ့ဒီ အချက်တွေကြောင့်ပဲ အဓိက ဖြစ်တာပေါ့ဗျား။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဖွဲ့မှာ နိုင်ငံတကာ ကိုယ်စားလှယ်တွေက သီးခြားစောင့်ကြည့်လေ့လာဖို့ တောင်းဆိုရတာနဲ့ ပတ်သက်ပြီး ဦးထွန်းဇော် က အခုလို ဆက်ပြောပါတယ်။

အခု ညီနောင် ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုးထားတဲ့ ကျနော်တို့ ဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ သူတို့ရဲ့ အကောင်အထည်ဖော်မှုမှာပေါ့လေ နော် လက်မှတ်ရေးထိုးပြီးတော့မှ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အဖွဲ့တွေ ရှိတယ်လေ၊ အထူးသဖြင့် RCSS တို့နဲ့ ပေါ့လေ။ ဒါတွေကို ကျနော်တို့ ကြည့်တဲ့အခါ သူတို့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက ကျနော်တို့အတွက်သုံးသပ်စရာတွေ ပြောစရာ ဆိုစရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒါကြောင့် တပ်ပိုင်းဆိုင်ရာ ကိစ္စမှာ ဆိုလို့ရှိရင် ကျနော်တို့ JMC နဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းလမ်းညွန်တို့ လုပ်ထုံးလုပ်နည်းပိုင်းတို့ အများကြီး သုံးသပ်စရာ တွေလည်း ရှိနေပါသေးတယ် ဒါတွေကြောင့်ပဲလား ဆိုတော့လည်း မဟုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်ကြတဲ့အခါမှာပေါ့ တဖက်ရဲ့ နိုင်ငံရေး ဆန္ဒပြည့်ဝမှုပေါ့ဗျား၊ နိုင်ငံရေးဆန္ဒနဲ့သဘောထားကြီးမှုပေါ့ အထူးသဖြင့် တပ်မတော်ဖက်က အဲ့ဒီလိုမျိုး လက္ခဏာတွေက သိပ့်မတွေ့ရဘူးပေါ့လေ အဲ့ဒါကြောင့်လည်းပဲ မြေပြင်မှာ ထိပ်တိုက်တွေ့ဆုံမှု တွေ ပြန်ဖြစ်ကြတာပေါ့နော် ဒါတွေမဖြစ်ဖို့အတွက်ဆိုလို့ရှိရင် ကြားက သမာသမက် ကျတဲ့ နိုင်ငံတကာ ဆုံးဖြတ်မည့်ကိုယ်စားလှယ်တွေကို ပါဝင်ပြီးမှ ဖြစ်စေချင်တယ်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဟာ NCA အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် တရားဝင်ဆွေးနွေးပွဲ ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ ဒုတိယခေါင်းဆောင် နိုင်အောင်မငေး ဦးဆောင်တဲ့ အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ကြပါသေးတယ်။