ကချင် နိုင်ငံရေး ပါတီသစ် အမည် ရွေးချယ်ပြီးစီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်နိုင်ငံရေးပါတီ ၃ ခုက ပေါင်းစည်းလိုက်သည့် ပါတီသစ်ကို ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNCP အဖြစ် ခေါ်ဆိုရန် ယာယီ သတ်မှတ်ထားပြီး မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်ဟု ပါတီခေါင်းဆောင်များက ပြောဆိုလိုက်သည်။

“ကျနော်တိုအနေနဲ့ နာမည်ကတော့ ကချင်နေရှယ်နယ် ကွန်ဂရက်ပါတီ ဖြစ်တယ်။ လိုဂိုကတော့ ကချင်အမျိုးသားအလံ ဓား ၂ လက် အပေါ်နီ အောက်အစိမ်းနှင့် ထောင့်မှာ ကြယ်ဖြူတစ်ပွင့်နှင့် အဲဒါကို ကျနော်တို့ ဒီနေ့ သတင်း မီဒီယာနှင့် အခုနားထောင်နေတဲ့ ကျနော်တို့ရဲ့ ကချင်ပြည်သူ အားလုံးအတွက် စတင်ကြေငြာ လိုက်ပါတယ်။” ဟု ကချင်အမျိုးသား ကွန်ဂရက် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောသည်။

ပါတီ၏ အမည်နှင့် အမှတ်တံဆိပ်ကို မကြာမီ လူထုထံချပြ အတည်ပြုချက် ရယူမည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။

“ဒါလူထုကို အပ်မှာ ဖြစ်တယ်။ မတ်လ ၃၁ ရက်နေ့ လူထုညီလာခံမှာမှ အတည်ပြုချက်ယူရမှာ ဖြစ်တယ်ဆိုတာ ရှင်းပြချင်တယ်။ နောက်တစ်ခုက အခုကျနော်တို့ KNCP ဆိုတဲ့ဥစ္စာ ဒါတရားဝင်ပါတီ မဟုတ်သေးဘူး။ ကျနော်တို့ က ပါတီတစ်ခုကို ဝိုင်းဝန်းတည် ဆောက်သွားမယ်ဆိုရင် နာမည်ဘယ်လိုမှည့်သွားမလဲ ဆိုတာကို ကျနော်တို့ ၃ ပါတီက ဒီလိုမှည့်ခေါ်ရင်တော့ ကောင်းမယ်ဆိုပြီး သဘောတူညီထားတာ ဟုတ်တယ်။ ဒါပေမယ့် လူထုကိုယ်စားလှယ်တွေရဲ့ အသိအမှတ် ပြုပေးမှုဟာ မရရှိသေးဘူး”။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယနေ့) တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီ KPMC ၏ အထူးအစည်းအဝေးတွင် တက်ရောက်လာသူများနှင့် သတင်းမီဒီယာများကို ပါတီခေါင်းဆောင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂရောင်အောင်ခမ်းကလည်း “ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ပေါင်းစည်းလာနိုင်ပါပြီ။ ၂၀၁၈ ဇန်နဝါရီ ၁၃ ရက်နေ့မှာ YMCA သဘောတူညီချက်အရ ကျနော်တို့က လက်မှတ်ထိုးပြီးမှ ပေါင်းစည်းလာခြင်းဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီ ၁၅၊ ၁၆ မှာကျနော်တို့ ပါတီ နာမည်တံဆိပ်ကို ကျနော်တို့ ရွေးချယ်နိုင်ခဲ့တယ်။ ဒါကိုပြည်သူလူထုကို မကြာခင်မှာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကျနော်တို့ ချပြဖို့ ဖြစ်ပါတယ်။ အဲဒီကနေ အတည်ယူပြီးမှ ကျနော်တို့ ကချင်တစ်ပြည်လုံး ကျနော်တို့ စည်းလုံးရေး အနာဂတ် လုပ်ငန်းတွေကို ချမှတ်သွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ပေါင်းစည်းလိုက်သည့် ကချင်နိုင်ငံရေးပါတီ ၃ ခုမှာ ကချင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ် ဒီမိုက ရေစီပါတီ KSDP ၊ ကချင်အမျိုးသား ကွန်ဂရက် KNC ပါတီတို့ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် ကချင်နိုင်ငံရေးပါတီများနှင့် လူထုတွေ့ဆုံပွဲကို ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ဦးဆောင်ကျင်းပပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ယခုလျာထားသည့် ပါတီအမှတ်တံဆိပ်နှင့် အမည်ကို တရားဝင်အသုံးပြုနိုင်ရန် ကချင်ပြည်သူများ၏ သဘောထား ရယူရန်အပြင် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ချပေးမှသာ အသုံးပြု၍ ရမည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်များတွင် ပြည်နယ်ပေါင်းစုမူကို အခြေခံသော ပြည်ထောင်စုမူ အပေါ်ရပ်တည်ရန်၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို ဖော်ဆောင်သွားရန်၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှုသော သာတူညီမျှစီးပွားရေးစနစ်ကို ဖော်ဆောင်သွားရန်၊ နိုင်ငံတကာ အဆင့်မှီသော ပညာရေးစနစ်၊ ကျန်းမာရေးစနစ်နှင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော လူမှုဘဝတည်ဆောက်သွားရန် စသည့်အချက်များပါဝင်သည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ကြသော်လည်း ၅ နှစ်အကြာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ YMCA ခန်းမတွင် ပြုလုပ်သည့် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီ KPMC ၏ အစည်းအဝေးကြီးတွင် ပါတီများက ပေါင်းစည်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။