ကျောက်မျက်ဥပဒေအား ကချင်ဒေသခံများ ကန့်ကွက်ဆန္ဒပြမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။

ဒေသခံများ အကျိုးရှိမည် မဟုတ်သည့်အတွက် ၂၀၁၇ ကျောက်မျက်ရတနာ မူကြမ်းအား ပြင်ဆင်ရန် ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဟု လူထုဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ကချင်အမျိုးသားကွန်ဂရက် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောသည်။

“အဓိက အကြောင်းအရင်းက ဘာလဲဆိုတော့ ဒေသခံအကျိုးစီးပွား အပြည့်အစုံ အကောင်အထည် မဖော်နိုင်ဘူး။ နောက်တစ်ခါနိုင်ငံသား အကျိုးစီးပွားအကောင်အထည် ဖော်နိုင်မှုအားနည်းတယ် အနှစ်သာရက လူတစ်စုအတွက်ကို နည်းနည်း ယိမ်းယိုင်သွားတယ်လို့ ယူဆလို့ ကျနော်တို့ ဒါကိုဆန္ဒပြတာပါ။”

၂၀၁၇ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေမူကြမ်းအား လူတစ်စု၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ဥပဒေမှ ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ဥပဒေအဖြစ်သို့ အစိုးရအနေဖြင့် ပြောင်းလဲပေးရန်ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီလ ၂၁ ရက်နေ့ (ယနေ့) တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ City Park Royal တွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် ဒေသခံအာဏာပိုင်များထံသို့ တင်ပြထားပြီး ကချင်နိုင်ငံရေးပါတီများ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ ကချင်ဥပဒေပညာရှင်များ၊ ကျောက်မျက်လုပ်ငန်းရှင် များနှင့် ဒေသခံလူထုများ စုစုပေါင်း လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်ဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟု ကျောက်မျက်ဥပဒေ လူထုဆန္ဒပြပွဲ ဖြစ်မြောက်ရေးကော်မတီက ပြောသည်။

ဥပဒေအရ အကြီးစား စီမံကိန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခွင့်ရှိနေမည်ဖြစ်ခြင်းသည် ဒေသခံများနှင့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားရာရောက်သည်ဟု ကျောက်မျက်ဥပဒေ လူထုဆန္ဒပြပွဲဖြစ် မြောက်ရေးကော်မတီက ပြောသည်။

လုပ်ငန်းရှင်ကြီးများနှင့် တရုတ်နိုင်ငံသားများသာ လုပ်ဆောင်နိုင်ပြီး ဒေသခံများနှင့် နိုင်ငံသားများလုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ပြောသည်။

“အကြီးစားဆိုတဲ့အနေအထားက ဧက ၅၀ ဆိုတဲ့ဟာကြီးက တော်တော်ကြီး ကြီးမားကျယ်ပြန့်တဲ့ အကွက်တွေ ဖြစ်တယ်။ အဲအပေါ်မှာ စက်ယန္တရား ကန့်သတ်ချက်လည်း မပါရင် သူတို့ ဟိုးအောက်အခံအထိ သူတို့ဘယ်လောက်တူးမလဲဆိုတဲ့ အနေအထားက ကျနော်တို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင် ထိန်းသိမ်းမှု အပိုင်းမှာလည်း အများကြီး ကျနော်တို့ စဉ်းစားစရာတွေ ရှိတယ်” ဟုပြောသည်။

ဥပဒေကြမ်းသည် မိမိတို့၏ လုပ်ငန်းငယ်များ ရေရှည် လုပ်ဆောင်နိုင်ရေး မူဝါဒကို ဆန့်ကျင်နေသည့်အတွက် လက်မခံနိုင်ကြောင်း ဒေါက်တာ Mကောန်လ က ဆက်ပြောသည်။

“သူကတော့ များများနှင့် မြန်မြန် ထုတ်မယ့် အနေအထားဖြစ်တယ်။ အဲဒီများများမြန်မြန်က ကျနော်တို့ လက်ထဲရောက်လာမှာ မဟုတ်ဘူး။ အဲလိုအနေအထားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီဟာကို အဓိကအကောင်အထည်ဖော်ပြီး ဆန္ဒပြဖို့ ဖြစ်လာတာဖြစ်တယ်။”

ထိုအကြီးစား စီမံကိန်းများသည် ကြီးမားကျယ်ပြန့်သည့်အတွက် စက်ယန္တရားဖြင့် တူးဖော်မှုကို ကန့်သတ်ထိန်းချုပ်မှု မရှိပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွင်လည်း အများကြီး စဉ်းစားစရာ ဖြစ်ရသည်ဟု ကျောက်မျက်ဥပဒေ လူထုဆန္ဒပြပွဲ ဖြစ်မြောက်ရေးကော်မတီက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကချင်ပြည်နယ်ကျောက်စိမ်း ကချင်နှင့်နိုင်ငံသားတိုင်းရင်းသား လက်ထဲရှိရေး-ဒို့အရေး၊ အကြီးစားလုပ်ကွက်အလိုမရှိ-အလိုမရှိ၊ စက်ယန္ဒရားကန့်သတ်ရေး အမြန်လုပ်ပေးရေး-ဒို့အရေး၊ ကျောက်မျက် ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး-ဒို့အရေး၊ ကချင်လူမျိုးများနှင့် နိုင်ငံသားတိုင်းရင်းသားများ ကျောက်မျက်ထုတ်လုပ် ရေးကဏ္ဍ တန်းတူအခွင့်အရေး ရရှိရေး-ဒိုအရေး စသည်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်သွားမည်ဟုဆိုသည်။