စစ်ရှောင်ဒုက္ခသည်များ ပြန်လည် ထောက်ပံ့ရေး EU စဉ်းစားမည်ဟု ကချင်ပါတီများအား ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။

ပူးပေါင်းရန် ဆုံးဖြတ်ထားသည့် ကချင်နိုင်ငံရေး ပါတီ ၃ ပါတီပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) အဖွဲ့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ကချင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာတွင် ဥရောပ သမဂ္ဂအဖွဲ့က ကချင်စစ်ရှောင် ဒုက္ခသည်များကို ပြန်လည် ထောက်ပံ့ရေး အတွက် စဉ်းစားမည်ဟု ပြောဆိုခဲ့သည်။

“ကျနော်တို့ ကချင်ပြည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနှင့် အိုင်ဒီပီ၊ စစ်ရေးကိစ္စတွေ ငြိမ်းချမ်းရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ ဖက်ဒရယ် ကွန်စတီကျူးရှင်းကိစ္စတွေ အနာဂတ်ဖက်ဒရယ် လေ့လာရေးကိစ္စတွေ အကုန်လုံးကျနော်တို့ ဆွေးနွေးဖြစ်ပါတယ် တင်ပြဖြစ်ပါတယ်။” 

ဥရောပသမဂ္ဂ EU အဖွဲ့ကိုယ်စားလှယ်များဖက်ကလည်း ကချင်စစ်ရှောင် အိုင်ဒီပီများအတွက် စားနပ်ရိက္ခာပေးဝေရေးကိစ္စများကို ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင်ပြုလုပ်ခဲ့သည့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးပွဲသို့ ကချင်နိုင်ငံရေးပါတီ ၃ ပါတီက ခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ EU အဖွဲ့ ဝင် နိုင်ငံများက ကိုယ်စားလှယ် ၁၈ ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ ကြသည်။

“NCA နှင့်ပတ်သက်ပြီးတော့ မေးပါတယ်။ NCA လက်မှတ်ထိုးဖို့ ခင်ဗျားတို့ ဘယ်လိုမျိုးအမြင် ရှိသလဲဆိုတဲ့ဟာမျိုး ကေအိုင်အိုကို ဘယ်လိုမျိုးပြောမလဲဆိုတဲ့ဟာမျိုး သူတို့မေးပါတယ်။ ဒါမျိုးတွေ သူတို့ကို ပြောဖို့ တိုက်တွန်းဖို့ ရှိသလားဆိုတဲ့ဟာ မေးခွန်းတွေတော့မေးပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီများအနေဖြင့် တိုက်တွန်းရန်ဆိုသည်ထက် ငြိမ်းချမ်းရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးအဖြေရှာစေလိုကြောင်း ပြောဆိုခဲ့သည်ဟု ဆက်ပြောသည်။

“ဒါပေမယ့် ကျနော်တို့က ပါတီဖြစ်တာကြောင့်မို့ ဘာမှတိုက်တွန်းစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ဘာပဲဖြစ် ဖြစ် ကျနော်တို့ ဒီဟာသည် အစိုးရပဲဖြစ်ဖြစ် ဒီအတိုက်အခံပဲဖြစ်ဖြစ် ကချင်လက်နက်ကိုင် အဖွဲ့အစည်း ပဲဖြစ်ဖြစ် အကုန်လုံးနဲ့တော့ တွေ့ဆုံပြီးမှ ပြောနိုင်ရင်တော့ ကောင်းမယ်ဆိုတဲ့ဟာမျိုး အဆင့်တော့ ပြောပါတယ်”

ယခင်က ကချင်နိုင်ငံရေးပါတီများအနေဖြင့် အမေရိကန်သံအမတ်၊ ဗြိတိန်သံအမတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း ဥရောပသမဂ္ဂ EU အဖွဲ့က ကိုယ်စားလှယ်များနှင့် သုံးပါတီပေါင်းပြီး တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဥရောပကိုယ်စားလှယ်အဖွဲ့သည် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG နှင့်လည်း တွေ့ဆုံမည်ဟု PCG က ဦးဆမ်အောင်က ပြောသည်။

“ကျနော်တို့က အကျိုးဆောင်ဆိုတော့ ဘာဆွေးနွေးမယ်ဆိုတာထက် အဓိကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ဟာပဲ အဓိကဖြစ်မှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတော့ NCA တွေလည်းပါမှာပေါ့ဗျာ။”

ဥရောပသမဂ္ဂ EU အဖွဲ့မှ ကိုယ်စားလှယ်များသည် ကချင်ပြည်နယ် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ သတ်မှတ်ထားပြီး ယနေ့တွင် ကချင်နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ဒီမိုက ရက်တစ်ပါတီ KDP ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP ၊ ကချင်ကွန်ဂရက် KNC ပါတီတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။