ဝ” တိုင်းရင်းသားများ ခရီးသွားလာခွင့် ပိတ်ပင်မှုများ ရပ်ဆိုင်းရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်

“ဝ” တိုင်းရင်းသား လူမျိုးများအား ခရီးသွားလာခွင့်နှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင် တားဆီးနေမှုများအား အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးရန် “ဝ” နိုင်ငံရေးပါတီများက ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ လဆန်းပိုင်းမှ စတင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မြန်မာနိုင်ငံသား မှတ်ပုံတင် (နိုင်ငံသားစီစစ်ရေး ကတ်ပြား) များကိုင်ဆောင်ထားသော်လည်း “ဝ” တိုင်းရင်းသား လူမျိုးများအား ခရီးသွားလာရာတွင် ပိတ်ပင်တားဆီးမှုများ ပြုလုပ်လျှက်ရှိခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု “ဝ” အမျိုးသားစည်းလုံး ညီညွတ်ရေး ပါတီ ဥက္ကဌ ဦးညီပလုပ်က ပြောသည်။

“ပိတ်ပင်တာကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းပေါ့နော်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ် ဘက်က “ဝ” ဆိုတဲ့ မှတ်ပုံတင်ကိုင်ထားတဲ့သူတွေက ကျနေ်ာတို့ “ဝ” တွေက ပန်ဆန်းမှာလည်း ရောက်တယ်။ တခါတလေ ကိုယ့်အမျိုးဆီမှာသွားပြီးတော့ ပန်ဆန်းတို့ မိုင်းမောတို့ သွားလည်တယ်။ ပြန်လာတော့ မရဘူး။ သွားလို့မရတော့ဘူး။ အဲ့လိုမျိုး “ဝ” ဆိုရင် သူတို့က ပေးမသွားတော့ဘူး။ ဥပမာ တချို့ ကျောင်းသား ကျောင်းသူတွေရှိတယ်။ ကျောင်းသွားတက်ပြီး ပြန်တာတွေပေါ့၊ အဲ့မှာ “ဝ” ဆို တာပါရင် မသွားခိုင်းတော့ဘူး။ အဲ့ဒါမျိုးတွေပေါ့၊ အခက်အခဲတွေ့တယ်။ ဒါကမလုပ်သင့်တဲ့ကိစ္စတွေပါ။”

မည်သည့်အကြောင်းများကြောင့် “ဝ” တိုင်းရင်းသားများအား အစိုးရစစ်ဆေးရေးဂိတ်များက ခရီးသွားလာခွင့် ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေသည်ကို မသိရှိကြောင်း ပြောသည်။

နိုင်ငံသား စီစစ်ရေးကတ်ပြား၏ လူမျိုးနေရာတွင် “ဝ” လူမျိုးဟု ရေးသားထားသူများအား ရှမ်းပြည်နယ် မြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသအချို့မှ စစ်ဆေးရေးဂိတ်များတွင် တားမြစ်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ကျွန်နော်တို့ဝလူမျိုးထဲမှာ “လ” လည်းပါတယ်၊ “လွယ်လ” လည်းပါတယ်၊ “ကွမ်းလွယ်” လည်းပါတယ်။ တခြားဟာလည်း အများကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့က စိစစ်ရေး ကတ်ပြားတွေကိုင် ထားတာလေနော်။ ဥပမာ “လ” တို့၊ “လွယ်လ” တို့၊ “ကွမ်းလွယ်” တို့၊ တခြားဟာ နာမည်နဲ့ ကိုင်တဲ့လူတွေကြတော့ သွားလာခွင့်ပေးတယ်။ မှတ်ပုံတင်ထဲမှာ “ဝ” ဆိုရင်တော့ ပိတ်ထားတာ။ အဲ့ဒါ ကြောင့်ပါ” ဟု ဦးညီပလုပ်က ဆက်ပြောသည်။

“ဝ” မျိုးနွယ်စုများဖြစ်ကြသည့် “လ၊ လွယ်လ” မျိုးနွယ်စုများကို သွားလာခွင့်ပြုပြီး “ဝ” ဟု ရေးသားထားသည့် သူများကို တားမြစ်နေခြင်းသည် “ဝ” လူမျိုးတို့အကြား စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု “ဝ” နိုင်ငံရေးပါတီများဖြစ်သည့် “ဝ” ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီတို့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် “ဝ” တိုင်းရင်းသား လူမျိုးများသွားလာမှု ပိတ်ပင်တားဆီးကန့်သတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ဝ” တိုင်းရင်သား လူမျိူးများအား ပုံမှန်သွားခွင့်မပြုပဲ ကန့်သတ်ပိတ်ပင် တားဆီးနေမှုများသည် ၁၃၅ မျိုး ဟု အစိုးရမှ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသားမျိုးနွယ်စုများအကြား ခွဲခြားဆက်ဆံနေခြင်း ဖြစ်သည်ဟု “ဝ” နိုင်ငံရေးပါတီများက ပြောသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေသည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) လားရှိုးဆက်ဆံရေးရုံးမှ ဒု-တာဝန်ခံ ဦးညီရန်းက ပြောသည်။

“အမျိုးသား ရင်ကြားစေ့ရေး သွားနေတဲ့ ဒီလိုအရေးကြီးတဲ့ ကာလတွေမှာ ဒီလိုပိတ်ပင်တာ၊ ခွဲခြားဆက်ဆံတာက ကျနော်တို့ “ဝ” လူမျိုးတွေကို ဒါမျိုးက ယုံကြည်မှု ပိုမိုပျက်ပြားစေတာပေါ့နော်။ ဘာကြောင့်ဆိုရင်တော့ ကျနော်တို့ “ဝ” လူမျိုးတွေကလည်း ဒီကိုင်ဆောင်တဲ့ ဒီအမျိုးသားမှတ်ပုံတင်ကလည်း လူဝင်မှုကြီးကြပ်ရေးက တရားဝင် ထုတ်ပေးတဲ့ မှတ်ပုံတင်ဖြစ်တယ်လေ။ ပြစ်မှုတစုံတရာ ကျူးလွန်တာလည်း မရှိဘူး။ ဒါမျိုးပိတ်ပင်ကန့်သတ်တယ်၊ ခွဲခြားဆက်ဆံခြင်းခံရတယ်ဆိုရင်တော့ ဒါက ဒေသအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်ပွားစေတယ်လေနော်။ ဒါနောက်ဆက်တွဲ ပြဿနာတွေက အများကြီး ဖြစ်နိုင်တယ်။”

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC) က ညှိနှိုင်းပေးနေသော်လည်း ယနေ့အချိန်ထိ တားဆီးပိတ်ပင်မှုများ ရှိနေစဲဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မက်မန်းမြို့နယ်၊ နားဖန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်တို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။