လကုန်မတိုင်မီ စာရင်းမသွင်းသော ရွှေ့ပြောင်း အလုပ်သမားများအား အရေးယူမည်

သတင်းနင့် မီဒီယာ ကွန်ရက်။
မတ်လ ၂၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ထိုင်းနိုင်ငံအတွင်း မတ်လ ၃၀ ရက်နေ့အထိ သတင်းပို့ခြင်းမပြုသည့် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများကို အရေးယူသွားမည်ဟု ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းနှင့် ဗီဇာ သက်တမ်းတိုးခြင်းတို့ကို ဖေဖော်ဝါရီ ၅ ရက်မှ စ၍ လုပ်ဆောင်ပေးခဲ့သော်လည်း မတ်လ ၁၉  ရက်နေ့အထိ လူပေါင်း ၆ သိန်းကျော်သာ မှတ်ပုံတင်ခဲ့ပြီး လူတသန်းခွဲကျော် ကျန်ရှိနေသေးသည်ဟု ထိုင်း အလုပ်သမားရေး ဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့က Channel 3 ရုပ်သံလိုင်း အစီအစဉ်သို့ ပြောခဲ့သည်။

ကျန်ရှိနေသူများ မှတ်ပုံတင်ရန်နှင့် ဗီဇာ ရက်တိုးရန်အတွက် မတ်လ ၂၃ ရက်နေ့မှစ၍ နေ့စဉ် ၂၄ နာရီပတ်လုံး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မတ်လ ၃၀ ရက်နေ့ ကျော်လွန်ပြီး သတင်းမပို့သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ပြောခဲ့သည်။

ကျန်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ အချိန်မှီ စာရင်းသွင်း မှတ်ပုံတင်နိုင်ရန်အတွက် ၂၄ နာရီ လုပ်ဆောင်ပေးသွားရန် စီစဉ်ခြင်းဖြစ်ပြီး သတ်မှတ်ရက်ထက် အချိန်ထပ်တိုးပေးတော့မည် မဟုတ်ဟုလည်း ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် မှတ်ပုံတင် အလုပ်လုပ်ကိုင်နိုင်ရန် သွားရောက်သတင်းပို့ စာရင်းသွင်းချိန် ၁၁ ရက်သာ ကျန်ရှိပြီး ထိုင်းအစိုးရ၏ သတင်းထုတ်ပြန်ထားချက်အရ မတ်လ ၃၁ ရက်နေ့မတိုင်မှီ အပြီးလုပ်ဆောင်ကြရမည် ဖြစ်သည်။

ရွှှေုပြောင်းအလုပ်သမားများသည် မိမိရောက်ရှိရာ ခရိုင်အလိုက် ကိုယ်ရေး အချက်အလက်များနှင့် စာရွက်စာတမ်းများအပါအဝင် ဆေးစစ်ချက်များကိုလည်း ၃၀ ရက်နေ့မတိုင်မှီ အမြန်ဆုံး ရယူပြီး သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသည့် ကိုမျိုးက အခုကျနော်ရှိနေတဲ့ အခြေအနေက ကြည့်ရတာတော့ မပြီးနိုင်လောက်ဘူး ထင်တယ်ဗျ၊ ဒီမှာက အရှေ့ရော အနောက်ရော သွားစရာ နေရာကို မရှိဘူး ပြည့်နေတာပဲ၊ လုပ်တော့လုပ်နေတာပေါ့ နှေးတာလား ဘာလဲတော့ မသိဘူး။ ည ၂ နာရီ ၃ နာရီအထိတော့ လုပ်နေတာပဲ။ ဒီနေ့ ၁၅၀၀ လာရင် ၁၅၀၀ ပြီးအောင်တော့ လုပ်ပေးနေတာပဲ။ ဟု ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ အလုပ်သမားရှာဖွေရေးရုံးတွင် လုပ်ကိုင်ပေးနေသည့် အခြေအနေကို ပြောသည်။

လက်ရှိစာရင်းအရ ရွှေ့ပြောင်းအလုပ်သမား ခြောက်သိန်း ခန့်အတွက် မည်သည့် နိုင်ငံသားဖြစ်သည်ဆိုသည်ကို ကိုယ်ရေးရာဇဝင်များ ရရှိထားပြီးဖြစ်သော်လည်း ကျန်နေသေးသောသူများသည် မတ်လ ၃၀ ရက်နေ့မတိုင်မှီ အမြန်ဆုံးလုပ်ဆောင်ကြရမည်ဖြစ်သည်။

အခု သတင်းကြားတာက ၃၁ ရက်နေ့ ဖြတ်ချမယ်လို့တော့ သတင်းကြားတာပဲ ဒါပေမယ့် ကျနော် မလုပ်ရသေးဘူး အခက်အခဲတွေကတော့ ဘယ်လိုပြောရမတုန်း ပထမ CI ပေါ်လာတယ်ဟုတ်လား CI သွားလုပ်လိုက်တော့ အခု ၂ လပိုင်း၂၃ ရက်နေ့ ကုန်မည့်စာအုပ်တွေ ရှိတာပေါ့နော် ၂ ခါလုပ်တွေ ဖြစ်ကုန်တာပေါ့ တချို့ဟာတွေကတော့ ။ မနေ့က အဲ့သတင်းကြားတော့ နည်းနည်းတော့ လှုပ်ရှားကုန်ကြတာပေါ့ အကုန်လုံး။ တချို့က သွေးစစ်ထားပြီး ၂၈ ရက်ချိန်းတဲ့လူတွေရှိသလို အခုမှ တချို့ စစ်တုန်းပဲ ရှိသေးတာကိုး။ ပထမက ရက်တိုးပေးမလို သတင်းတွေထွက်နေတာကိုး။ ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုအောင်ဌေး က ပြောပါတယ်။

အလုပ်ရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလုပ်သမားများ၏ ဗီဇာသက်တမ်းတိုးမှုနှင့် စာရင်းသွင်းမှုကို မတ်လ ၃၀ ရက်နေ့မတိုင်မှီ ပြီးစီးအောင် ဆောင်ရွက်ထားကြရမည် ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှ စတင်ကာ  ထိုင်းသက္ကရာဇ် ၂၅၆၀ ခုနှစ် (ယခင်နှစ်) က ထုတ်ပြန်ထားသော ဥပဒေပါ သတ်မှတ်ချက်အတိုင်း ဖမ်းဆီးအရေးယူသွားမည်ဟု ပြောဆိုထားသည်။

ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသူများကို အနည်းဆုံး ထိုင်းဘတ်ငွေ ၅၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေ သတ်မှတ်ပေးဆောင်စေပြီး  ဒဏ်ငွေပေးဆောင်ပြီးသည့်အခါတွင် မိခင်နိုင်ငံသို့ ပြန်ပို့သွားမည် ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့် မရှိသော အလုပ်သမားကို လက်ခံထားပါက အလုပ်ရှင်ကို  ထိုင်းဘတ်ငွေ တစ်သောင်း မှ တစ်သိန်း အထိ ဒဏ်ငွေ ချမှတ်နိုင်ပါသည်။ ယင်းမှာ အလုပ်သမား တစ်ဦး အတွက် သာ ဖြစ်သည်။

ထို့အပြင် ဥပဒေမဲ့လုပ်ဆောင်သည့် အတွက် အလုပ်သမား တစ်ဦး အတွက် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ထိုင်းဘတ်ငွေ ၅ သောင်း မှ ၂ သိန်း အထိ ထပ်မံဒဏ်ရိုက် နိုင်ပါသည်။

လတ်တလောတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းစဉ်နားမလည်မှု၊ ထိုင်းစာမတတ်မှု၊ အလုပ်ရှင်ရှာဖွေရမှု စသည့် အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရရှိရန်အတွက် ပွဲစားများငှားရမ်း ရသောကြောင့် ငွေကြေးကုန်ကျမှုများနေကြသည်ဟုလည်း ဆက်ပြောသည်။

ပွဲစားနဲ့လုပ်ရင်တော့ အနည်းဆုံးကတော့ ၉၀၀၀ ပဲ၊ တချို့တွေကြတော့လည်း တစ်သောင်း၊ သောင်းနှစ်ထောင်၊ ပုံမှန်ဆိုရင် ဆေးရုံ ၃၇၀၀၊ အလုပ်သမားလက်မှတ်က ၁၉၀၀၊ လဝက က ၅၀၀၊ ဒါပုံမှန်ပဲလေ၊ ကဒ်ဖိုးဘာဖိုး က ၂၀၀ ပေါ့။ အကုန်လုံးကျရင် ၆၁၀၀ ပဲ။ တချို့ကြတော့ သူဌေးမရှိတဲ့လူက သူဌေးပြန်ငှား၊ တချို့ကြတော့ ကိုယ့်သူဌေးကမကောင်းတော့ ကိုယ့်သူဌေးကမလုပ်ချင် အဲ့တော့ သူဌေးငှား အဲ့လိုမျိုး လုပ်တဲ့လူတွေများတယ်။ အဲ့တော့ သူဌေးငှားရင် တစ်နှစ်ကို တစ်ထောင်လေ အခု အဲ့ ပွဲစားတွေ လုပ်ပေးနေတာပေါ့။ ဟု ကိုအောင်ဌေး မှ ဆက်ပြောသည်။

လောလောဆယ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်ရှိ အလုပ်သမားရှာဖွေရေးရုံးများတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ခြင်း လုပ်ဆောင်ပေးနေပြီး တစ်ရက်လျှင် လူဦးရေ သုံးသောင်း ခန့် လက်ခံဆောင်ရွက်ပေးနေကာ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါက တစ်ရက်တည်းအပြီး ဆောင်ရွက်ပေးနေသည်ဟု သိရသည်။