စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ရေး ကူညီပေးရန် အတိုင်ပင်ခံအား တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂၈ ရက်။ ၂၀၁၈ ခုနှစ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များက ၎င်းတို့၏ ကျေးရွာများတွင် ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်အောင် ကူညီဖြေရှင်းပေးပါရန် ပန်ကြားလွှာ တစ်စောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောနှင့် ခေးပူကျေးရွာအုပ်စုရှိ ကျေးရွာ ၁၆ ရွာမှ ကျေးရွာခေါင်းဆောင်များက လက်မှတ်ရေးထိုးကာ မတ်လ ၂၇ ရက်နေ့ ယမန်နေ့က အသနားခံလွှာ ပေးပို့လိုက်ခြင်းဖြစ်သည်။

“သူတို့လယ်မှာပြန်ပြီးတော့ ရွာမှာပြန်ပြီးတော့ စားစရာတွေ ထွန်ယက်ဖို့က ခုနပြောနေတဲ့ ဒီတပ်မတော် ဝင်လာပြီးတော့မှ သူတို့ နေရာယူထားတယ် သူတို့ မပြန်ရဲဘူး ကြောက်ကြတယ်။ အဲဒီအတွက် ရွာသားတွေက သူတို့ ပြန်ပြီးတော့မှ အေးအေးဆေးဆေး လယ်ထွန်နိုင်ရန်ပေါ့နော အသက်မွေးဝမ်းကြောင်း လုပ်နိုင်ဖို့ သူတို့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ အသနားခံတင်တယ်ပေါ့ဗျာ” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူ စောအဲလက်စ်ထူး က ပြောသည်။

အစိုးရတပ်မတော်က ဝင်ရောက်နေရာယူထားသည့် နေရာများသည် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက် သည့်နေရာနှင့် နီးကပ်လွန်းသည့်အပြင် ဒေသခံများ ဖြတ်သန်းသွားလာသည့်အခါတွင်လည်း အစိုးရတပ်မတော်က ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိသည့်အတွက် ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်ရန် ကူညီညှိနှိုင်းဖြေရှင်းပေးပါရန် အသနားခံ ပန်ကြားလွှာပေးပို့ကာ တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အထူးသဖြင့် သူတို့ တောင်းဆိုတာကတော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လယ်ယာထွန်ယက်တဲ့ နေရာတွေမှာ တပ်တွေ မထားဖို့ပေါ့နော် တပ်တွေလာရှိမနေဖို့ ပြန်ပြီးတော့ ဆုတ်ပေးဖို့အတွက် အဓိက သူတို့ အဲဒါ တောင်းဆိုတယ်” ဟု စောအဲလက်စ်ထူးက ဆက်ပြောသည်။

ဒေသခံများက ပေးပို့သည့် ပန်ကြားလွှာထဲတွင် လူသားချင်းအနေဖြင့် ၎င်းတို့၏ ငိုသံနှင့်နာကျင်မှုများကို စာနာနားလည်ပေးရန်၊ ကြောက်ရွံ့ စွာနေထိုင် အသက်ရှင်နေရသည့် ဘဝမှလွတ်မြောက်ရန်နှင့် ၎င်းတို့၏ မိသားစုများ ငြိမ်းချမ်းစွာရပ်တည် ရှင်သန်နေထိုင်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းတို့ အတွက် မားမားမတ်မတ်ရပ်တည်ပေးရန် အနူးအညွှတ်ပန်ကြားအပ်ပါသည် ဟု ထည့်သွင်းရေးသားထားသည်။

လက်ရှိတွင် ၎င်းတို့ဒေသအတွင်း စစ်ဆင်ရေးလမ်းဖောက်လုပ်မည့် မြန်မာ့တပ်မတော်၏ အစီအစဉ်ကြောင့် ၎င်းတို့၏ ဘိုးဘွားပိုင်မြေပေါ်နှင့်ကျေးရွာများမှ ထာဝရဖယ်ခွာရမည့်အခြေအနေနှင့်ရင်ဆိုင်ရပြီး ဆင်းရဲခေါင်းပါးမှု နှင့် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာများနှင့် ကြုံတွေ့ရမည်ဖြစ်သည်ဟု ပန်ကြားလွှာထဲတွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာသည် မတ်လကုန်အတွက်ထိသာ လုံလောက်မှုရှိပြီး လကုန်ပါက စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့လာနိုင်သောကြောင့် ၎င်းတို့နေထိုင်ရာ ဒေသသို့ ပြန်လည်အခြေချနေနိုင်ရန် လိုလားနေကြသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

သို့သော် ဒေသခံများအနေဖြင့် ၎င်းတို့နေထိုင်ရာ ဒေသအနီးတဝိုက်တွင် တိုက်ပွဲများ နေစဉ်ဖြစ်ပွားနေသည့် အတွက် ပြန်လည် အခြေချ၍ မရမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

“အခုတိုက်ပွဲနေတိုင်းဖြစ်နေတယ်။ တိုက်ပွဲက ဒီမနက်အထိဖြစ်တယ်ပေါ့ဗျာ။ မနေ့ကပဲ ပြီးခဲ့တဲ့ တစ်ရက်ကပဲ သူတို့ လက်နက်ကြီးပစ်တယ်လို့ကြားတယ် ဒီမနက်အထိ တိုက်ပွဲပြန်ဖြစ်တယ် အထူးသဖြင့် သူတို့ ဒီ KNU တပ်မဟာ ၅ နဲ့ အစိုးရရဲ့ တက်လာတဲ့ တပ်အင်အားတွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ကျနော်တို့လည်း အဲဒါကို စောင့်ကြည့်နေတယ်ပေါ့နော်။ ဆိုတော့ အခြေအနေကတော့ တိုးတက်မှုမရှိဘူး၊ စစ်ရေးအခြေအနေက ပိုပြီးတော့မှ ဆိုးဝါးလာနေတဲ့ လက္ခဏာကို ကျနော်တို့ တွေ့ရတယ်၊ အဲဒါကို ရွာသားတွေ တော်တော်စိုးရိမ်တယ်” ဟု ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအနေဖြင့် ရာသီဥတုဆိုးဝါးလှသည့်အတွက် စားဝတ်နေရေးအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

မြန်မာ့တပ်မတော်၏ လတ်တလောလှုပ်ရှားမှုများကြောင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးသူငယ် များ အပါအဝင် ရွာသားပေါင်း ၂၃၀၀ ဦးတို့သည် တောထဲတွင်ထွက်ပြေးတိမ်းရှောင်နေရပြီး အခြားရွာသူရွာသားပေါင်း ၆၀၀ ကျော်တို့သည်လည်း ထွက်ပြေးတိမ်းရှောင်ရန် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးသူများက ပြောသည်။

ကေအင်န်ယူအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတပ်မတော်နှင့် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခဲ့သည်။