မြစ်ကြီးနား ကျောက်မျက်ပြပွဲ အဆင့်နိမ့်ကျောက်များသာ ရောင်းချခွင့်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ကျောက်မျက်အရောင်းပြပွဲတွင် အဆင့်အနိမ့်ဆုံး ကျောက်များကိုသာ ရောင်းချခွင့်ပြုထားသည်ဟု ကျောက်မျက်ကုန်သည် အချို့က ပြောသည်။
ကျောက်စိမ်းအား အဆင့် A B C D ဆိုပြီး ယခုကျင်းပနေသည့် ကျောက်မျက်အရောင်းပြပွဲတွင် C နှင့် D အဆင့် ကျောက်စိမ်းများကို မြန်မာကျပ်ငွေဖြင့် ရောင်းဝယ်ခွင့်ပြုထားခြင်းဖြစ်သည်ဟု ကျောက်မျက်ကုန်သည် တစ်ဦးက ပြောသည်။
“ဒီမှာက ကျောက်စိမ်းထွက်တဲ့နေရာလေ။ မန္တလေးတို့ နေပြည်တော်တို့မှာတောင် လုပ်လို့ရပြီး မြစ်ကြီးနားမှာ လုပ်လို့မရဘူး။ ကချင်ပြည်နယ်မို့လို့လားပေါ့နော်။ ကျောက်စိမ်းရောင်းတယ်ဆိုတာက မြန်မာပြည်မှာ နှစ်မျိုးရှိတာပေါ့နော်။ အခုနေပြည်တော်တို့မှာလုပ်တဲ့ (Emporium) အင်ပိုရီရမ်ဆိုတာက ယူရိုငွေကြေးဖြင့်ပေါ့နော်။ အဲ့မှာရောင်းချပြီးတော့ ဆယ်ရာခိုင်နှုန်း အခွန်ဆောင်ပြီး နိုင်ငံတကာကို ယူသွားခွင့်ရတာပေါ့နော်။ ဒါပေမယ့် အခုကျွန်တော်တို့ မြစ်ကြီးနားမှာ လုပ်တဲ့ပွဲဟာ အဆင့်လည်းနိမ့်တဲ့ C D ကျောက်ဖြစ်တယ်။ ပြီးတော့ မြန်မာကျပ်ငွေဖြင့်၊ ဆန္ဒကတော့ ခွဲခြားတာ မကြိုက်ကြဘူး”ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ၅ ရက် ကြာ ကျင်းပပြုလုပ်နေသည့် ကျောက်မျက်အရောင်းပြပွဲတွင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မှ ကျောက်မျက်လုပ်ငန်းရှင်များ လာရောက်ကြည့်ရှု ဝယ်ယူနေပြီး တရုတ်နိုင်ငံမှ ကျောက် မျက်လုပ်ငန်းရှင် အချို့လည်း လာရောက်လေ့လာမှုများ ရှိသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) က ပြောသည်။
ကျောက်စိမ်းတွင် အသားကျောက်နှင့် ဒေသခံအခေါ်(ပန်းကြား)ကျောက်များအား A B C D ဆိုပြီး အဆင့်လေးဆင့်ခွဲခြားထားပြီး အရည်အသွေးမြင့်၊ အကောင်းဆုံးကျောက်များအား emerald jade ဆိုပြီး ခေါ်ဝေါ်သတ်မှတ်ထားသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား) က ပြောသည်။
C နှင့် D အဆင့် သတ်မှတ်ခံရသည့် ကျောက်များမှာ အောက်ဆုံးအဆင့် အညံ့ဆုံးအဆင့်ဟုဆိုသည်။ အဆိုပါအဆင့်ကျောက်များမှာ ပန်းပုထုရန်အတွက်သော်၎င်း၊ ပုတီးများ၊ ကြမ်းခင်းပြားများ၊ နံရံကပ်ကျောက်ပြားများ လုပ်ရန်တွက် အဓိက အသုံးပြုသည်ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကျောက်မျက်အရောင်းပြပွဲတွင် အနိမ့်ဆုံးအဆင့်သာရှိသည့် ကျောက်စိမ်းများကိုသာ ရောင်းဝယ်ပြသခွင့်ပေးသည့်အပေါ် ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်း ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေသည့် ကချင်မျိုး သားကွန်ကရက်ပါတီမှ ပါတီ ဥက္ကဌ ဒေါက်တာ M ကောန်လ က ယခုလိုသုံးသပ်သည်။
“အခုကသူက C D ကိုပဲ အရင် ရောင်ခိုင်းတယ်ဆိုတဲ့သဘောက ကျနော်ထင်တာကတော့ ပိုက်လော့ ဖရောဂျက်လို့ထင်တယ် ဘာကြောင့်လဲဆိုတော့ အရည်ကြည်အဆင့်က အဆင်သင့်မဖြစ်သေးဘူး ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်မှာပဲ သူတို့က ရောင်းနေဝယ်နေတယ်ဆိုတော့ အဲဟာရဲ့ စနစ်ကြီး တစ်ခုလုံးကို ဒီဖက်ကို ဖဲ့ရွေ့ဖို့ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနက အဆင်သင့်ဖြစ်သေးပုံ မပေါ်ဘူး။ မပေါ်ပေမယ့် အားလုံးဒေသခံ အကျိုးစီးပွားရှိအောင်ဆိုပြီးတော့ C D အဆင့်ကို အရင်ပိုက်လော့ ပရောဂျက်ဆိုပြီးမှ အရင်လုပ်တယ်လို့ မြင်တယ် ကျနော်တို့က သုံးသပ်တာပေါ့နော။”
ဦးလခရီလအောင်ကလည်း “ဒီဒေသမှာ ဒီလိုတဆင့် နိမ့်ပြီးပေးထားတာ မတရားဘူးဆိုတာ ပြောပေမယ့်လည်း ကျွန်တော်တို့ ကျောက်မျက် အသင်းကတော့ ဘာပဲဖြစ်ဖြစ် ရှိတာလေးနဲ့ တစ်ကနေ ပထမဦးဆုံးခြေလှမ်းကို လှမ်းကြပြီဆိုပြီး ကျေကျေနပ်နပ်နဲ့ လုပ်ကြတာဖြစ်ပါတယ်” ဟု ပြောသည်။
မြစ်ကြီးနားမြို့မှ ကျောက်မျက်အရောင်းပြပွဲ လာရောက်ကြည့်ရှုသူ၊ လေ့လာသူများ များပြားနေပြီး ကျောက်ဝယ်မည်ဆိုကာ (deposit) စရန်စာရင်းသွင်းထားသူကတော့ ၁၅၀၀ နီးပါးရှိပြီဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား) ကပြောသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသသည် ကမ္ဘာ့အဖိုးတန်ကျောက်စိမ်းအဓိက ထွက်ရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း ကျောက်စိမ်းဈေးကွက်မရှိခြင်း၊ ကမ္ဘာ့တန်းဝင် ကျောက်မျက်အထည်များ မထုတ်လုပ်နိုင် ခြင်းတို့အပြင် ကျောက်စိမ်းဖြင့် ပြုလုပ်သည့် ပန်းပုထည်များမှာလည်း ကမ္ဘာ့တန်းဝင်အဆင့်မရှိသေးခြင်း၊ အချောထည်များထက် အကြမ်းထည်များသာ ထုတ်လုပ်ရောင်းချနေခြင်းတို့ကြောင့် လက်ရှိကျောက်စိမ်းဈေးကွက်သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင်သာ အကြီးအကျယ်ဖြစ်ထွန်းလျှက်ရှိသည်။
ပထဆုံးအကြိမ် ကျင်းပသည့် မြစ်ကြီးနားမြို့က ကျောက်မျက်အရောင်းပြပွဲကို မတ်လ ၂၆ ရက်နေ့က မတ် ၃၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။