သီပေါမြို့နယ်အတွင်း ဒုက္ခသည် ၁၀၀၀ နီးပါး တိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းနှင့် ပလောင် စစ်ရေးတင်းမာမှုများကြောင့် ဒုက္ခသည် ၁၀၀၀ နီးပါး သီပေါသို့ ထွက်ပြေးတိမ်းရှောင်လာရသည်ဟု အကူအညီ ပေးနေသူများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် တအာင်းတပ်မတော် (TNLA) တို့ကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ တိမ်းရှောင်ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

“သီပေါမှာ မြို့ပေါ်မှာလည်း ထပ်တိုးတယ်။ ဘော်ကြိုလည်း ထပ်တိုးတယ်။ သီပေါမြို့ မြို့ထဲမှာတော့ အားလုံးပေါင်း ၄၇၉ ယောက်။ ဘော်ကြိုကတော့ စာရင်းအတိအကျမရောက်သေးဘူး။ ဘော်ကြိုနဲ့ ပေါင်းရင်တော့ ထပ်ရောက်တာ တစ်ထောင်နီးပါးလောက်ရှိမယ်။ မနေ့က ထပ်တိုးတာကလည်း အရင်ရွာလက်ကျန်တွေပါပဲ” ဟု သီပေါမြို့အခြေဆိုက် နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုးက ပြောသည်။

မတ်လ ၂၈ ရက်နေ့ ယမန်နေ့က စစ်ဘေးရှောင် တစ်ထောင်နီးပါးခန့်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ သီပေါမြို့ပေါ်နှင့် ဘောကြိုကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးသူများက ပြောသည်။

“ဘယ်လိုအနေအထားကြောင့် သူတို့တွေက ရွာတွေကိုစွန့်ပြီး ထွက်ပြေးလာတာလဲဆိုတာ ဘယ်လိုမှ မေးလို့မရဘူးဗျ” ဟု ကိုမျိုးက ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့ TWO မှတ်တမ်းနှင့် သုတေသနအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း “အခြေ အနေကတော့ ရွာတွေမှာ တိုက်ပွဲတော့ မဖြစ်ဘူး။ တိုက်ပွဲမဖြစ်ပေမယ့် RCSS/SSA က ဝင်လာတယ်။ လူ (၇၆) ဦးကို ဖမ်းသွားတယ်။ ဖမ်းသွားပြီးတဲ့နောက်ပိုင်းမှာ ရွာလေးရွာမှာ ရှိနေတဲ့လူတွေကို ရွှေ့ပြောင်းခိုင်းတယ်။ ရွှေ့ပြောင်းခိုင်းတဲ့အတွက်ကြောင့် ရွာလေးရွာမှာရှိတဲ့ဒေသခံတွေက သီပေါမှာရှိတဲ့ ကျောင်းနှစ်ကျောင်းကိုထွက်ပြေးတယ်။ မနေ့ကလည်း ထပ်ရောက်လာတယ်။ မနေ့ကတော့ အားလုံး ရှစ်ရာကျော်ပေါ့။ ဒီနေ့နဲ့ဆို တစ်ထောင်လောက်ရှိပြီ။ တိုက်ပွဲတော့ မဖြစ်ဘူး အခုက” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ သီပေါမြို့နယ်အတွင်းရှိ ပန်းခါး၊ ပန်ခန်၊ ထန်စန့် ၊ မန်လွယ် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ၎င်းတို့ကို ဘော်ကြိုကျေးရွာ ဘုရားဝင်းအတွင်း နှင့် သီပေါမြို့ပေါ်ရှိ ရတနာရွှေဂူဘုန်းကြီးကျောင်းတွင် နေရချပေးထားသည်ဟု သိရသည်။

ရတနာရွေဂူကျောင်းတွင် ပန်ခါးရွာနှင့် ထန်စန့်ရွာ အိမ်ထောင်စု(၁၃၈) စုမှ လူဦးရေ (၄၇၉)ဦးနှင့် ဘော်ကြိုကျောင်းတွင် အိမ်ထောင်စု (၁၁၇)မှ လူဦးရေ (၄၀၃) ဦး ရောက်ရှိလာသည်ဟု တအာင်းအမျိုးသမီး အဖွဲ့ (TWO) မှတ်တမ်းနှင့် သုတေသဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ NGOs များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများက ကူညီလုပ်ဆောင်ပေးနေသည်ဟု ကိုမျိုးက ပြောသည်။

သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ဒေသခံများအား ၎င်းတို့၏ နေထိုင်ရာ ဒေသများတွင် လွတ်လပ်စွာ နေထိုင်လုပ်ကိုင် စားသောက်ခွင့်ပေးသင့်သည်ဟု စစ်ဘေးရှောင်များအား အကူအညီ ပေးနေသူများက ပြောသည်။

“သူတို့ ဒီအချိန်ဟာဆိုရင် လယ်လုပ် တောင်ယာခုတ် လက်ဖက်ခြံသွား ဘာညာပေါ့ အဲ့လိုမျိုးအချိန်လေ။ အဲ့ဒါကြောင့် သူတို့ ရွာတွေပြန်ပြီး အေးအေးချမ်းချမ်း ကိုယ့်စီးပွားရေး ကိုယ်ပြန်လုပ်ကိုင်နေစေ ချင်ပါတယ်။ အားလုံးကိုပေါ့နော်။ ရွာသူရွာသားတွေ ကိုယ့်ရွာကိုယ်နေကြရဖို့ပဲ သက်ဆိုင်ရာအဖွဲ့တွေ ကို တောင်းဆိုချင်ပါတယ်” ဟု ကိုမျိုးက ပြောသည်။

ထို့အပြင် ဒေသခံများမှာ လက်ဖက်ခူးရန် ၎င်းတို့၏ လက်ဖက်ခြံသွားရောက်သည့်အခါတွင်လည်း မြေမြုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရသည့်အပြင် အသက်ဆုံးရှုံးသူများလည်းရှိသည်။

၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်ကာ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲနှင့် နမ္မတူ စသည့် မြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့အကြား တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ယနေ့အထိတိုင် နှစ်ဖက်ကြား စစ်ရေးတင်းမာနေစဲဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်မြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် နမ္မတူ မြို့နယ်တို့တွင် RCSS/SSA ၊ PSLF /TNLA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေး တင်းမာမှုများကြောင့် ဒေသခံများမှာ ၎င်းတို့၏ နေရာ ဒေသကို စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည်။