တရားဝင် ဖိတ်ကြားပါက ၂၁ ပင်လုံသို့ FPNCC အဖွဲ့စုံ တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။

အစိုးရမှ တရားဝင်ဖိတ်ကြားလာပါက တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ အဖွဲ့ဝင်အားလုံး တက်ရောက်သွားမည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ဆုံးဖြတ်ချက်ချလိုက်သည်။

မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သည့် FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“အစည်းအဝေးတွင် (၂၁) ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးအပေါ် မည်သို့သဘောထားရှိသည်ကို သေချာဆွေးနွေးသုံးသပ်ပြီး FPNCC အနေဖြင့် အစိုးရ၏ တရားဝင်ဖိတ်ကြားလွှာကို လက်ခံရရှိပါက FPNCC အဖွဲ့ဝင်အားလုံး စုံစုံညီညီတက်ရောက်သွားမည်” ဟု FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်သည့်အခါတွင်လည်း လုံခြုံရေး အာမခံချက်ရှိရန် တရုတ်ပြည်သူ့သမ္မ တနိုင်ငံအနေဖြင့် ခရီးစဉ်အတွက် ဆက်လက်ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

ထို့အပြင် ၎င်းတို့၏ ထုတ်ပြန်ချက်ထဲ၌ အစည်းအဝေးတွင် အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှ မျက်မှောက်ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှု အလားအလာအပေါ် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြုသဘောဆောင်သော ပါဝင်မှုသည် ပိုမိုအရေးပါလာပြီး ကင်းကွာ၍မရနိုင်ပါဟု ထင်မြင်ယူဆကြပါသည်။

FPNCC အနေဖြင့် မတ်လ ၂၈ ရက်နေ့က သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဦးဝင်းမြင့်အား ကြိုဆိုကြောင်း၊ သမ္မတသစ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို စောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်သည်ဟု ထုတ်ပြန်ထားသည်။

တိုင်းရင်းသားဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် FPNCC က တောင်းဆိုသည်။

“ကချင်၊ တအာင်း၊ ကိုးကန့် နှင့် ရခိုင်ဒေသများတွင် ထိုးစစ်နှင့် စစ်ဆင်ရေးများကို ပြုလုပ်နေသော မြန်မာစစ်တပ် ၏ လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချလိုက်ပြီး တိုင်းရင်းသားပဋိပက္ခပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့်သာ ဖြေရှင်းရန်တောင်းဆိုပါသည်။”

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရက္ခိုင်အမျိုးသားအဖွ့ဲချုပ် ULA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ MNTJP ကိုးကန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ PSC မိုင်းလား နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့မှ စုစုပေါင်း ကိုယ်စားလှယ် (၂၇) ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC သည် အစိုးရနှင့် NCA မဟုတ်သည့် အခြားလမ်းကြောင်းတစ်ခုဖြင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင် ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။