မြန်မာအလုပ်သမားများ သတ်မှတ်ရက်အတွင်း CI လုပ်ရန် မြန်မာသံရုံးမှ ကြေညာ

သတင်းနှင့်မီဒီယာကွန်ရက်။
ဧပြီလ ၂၇ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းအလုပ်အကိုင်ဌာန၌ မှတ်ပုံတင်ထားပြီး  မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် CI ( Certificate of Identity) များ ပြုလုပ်ရန် ကျန်ရှိသည့် မြန်မာရွှေပြောင်းအလုပ်သမား သုံးသောင်းနီးပါးကို သတ်မှတ်ရက်အတွင်း အချိန်မီသွားရောက်လုပ်ဆောင်ရန် ဘန်ကောက် မြန်မာသံရုံးမှ ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

မြန်မာအလုပ်သမားများအာ သတိပေး တိုက်တွန်းမှုနဲ့ ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး မှ “ဘာလို့လည်းဆိုတော့ သတ်မှတ်ရက်နဲ့လည်း နီးလာပြီလေ တဖြည်းဖြည်းနဲ့လေ၊ အလုပ်သမားတွေ လုပ်တာ ကျန်နေမှာဆိုးလို့လေ၊ အဲ့ဒါကြောင့် အသိပေးမှု လုပ်ပေး တာဗျ၊ စခန်းတွေလည်း အခု တိုးပြီး ဖွင့်ပေးထားတယ်ပေါ့နော်၊ နှစ်သောင်းရှစ်ထောင်ကျန်ပေမယ့် စခန်းတွေ ကို အရင်ကထက် ပိုပြီးတော့ Mobil Team တွေ ဖွဲ့ပေးထားတယ်၊ Mobil Team လုပ်ထားပေးပြီး တော့ ကျနော်တို့ တိုးဖွင့်ပေးထားတယ် Team သုံးခုပေါ့၊ အဲ့နေရာတွေမှာ သက်ဆိုင်တဲ့ OSS စခန်းတွေမှာ သွားပြီး တော့ အမြန်ဆုံး လုပ်ကြဖို့။” ဟုပြောသည်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန၏ စာရင်းအရ CI ပြုလုပ်ရန် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၂၈၁၉၄ ဦး ရှိပြီး ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းရှိ OSS ရုံးများတွင် အမြန်းဆုံး သွားရောက်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

OSS ရုံးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း၌ OSS စခန်း ၄ ခုနှင့် ၊ ကျန်ရှိသော ခရိုင် ၇၆ ခရိုင်တွင် ခရိုင်တစ်ခုလျင် OSS စခန်း တစ်ခုစီဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

စောစောကပြောတဲ့ နှစ်သောင်းရှစ်ထောင်က ကျနော်တို့ဆီကနေကိုး နိုင်ငံသား စီစစ်ခြင်းကို မခံယူရသေးဘူးပေါ့နော်၊ ဒုတိယ Process တွေကို သွားဖို့အတွက်က သူတို့က ဒီ ကျနော်တို့ရဲ့ First Process ကို သွားပြီးမှပဲ ဒုတိယ Process တတိယ Process က သွားလို့ရမှာဖြစ်တဲ့အတွက် အဲ့ဒီ နှစ်သောင်းရှစ်ထောင် မြန်မြန် လာလုပ်ကြပါလို့ကျနော်တို့ကနေ တိုက်တွန်းထားတာပေါ့။ ဟု မြန်မာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး မှ ဆက်ပြောသည်။

နိုင်ငံသား စီစစ်ပြီးပါက မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် CI စာအုပ်ရရှိပြီးသည့် အလုပ်သမားများသည် ကျန်းမာရေး ဆေးစစ်မှု ပြုလုပ်ခြင်း၊ နီးစပ်ရာ OSS စခန်းများ၌ လူဝင်မှုကြီးကြပ် ရေးဌာနတွင် နေထိုင်ခွင့်ဗီဇာ ၂ နှစ် ပြုလုပ်ခြင်း၊ အလုပ်အကိုင် ဌာနတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြု လုပ်ခြင်းနှင့် ပြည်ထဲရေးဌာနမှ ကိုယ်ရေးအချက်အလက်များ ပြင်ဆင်ဖြည့်စွက်၍ ဂဏာန်း ၁၃ လုံး ပါသည့် ပန်းရောင် ID ကတ်ထုတ်ယူခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်ဟု အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး မှ ပြောသည်။

“ဒုတိယတဆင့်က သူက ဘာသွားလုပ်ရလည်းဆိုတော့ သူ့နိုင်ငံမှာ နေထိုင်ခွင့် လုပ်ရတာပေါ့နော်၊ ဒါ ကျနော်တို့လည်း ဒီလိုပဲ VISA ထုရတယ်၊ VISA ထုပြီးတော့ နေထိုင်ခွင့်ရှိပြီးဆိုတော့မှ ကျနော်တို့ Work Permit အလုပ်လုပ်ခွင့်လက်မှတ် တခါ ထပ်လုပ်ရတာပေါ့၊ အဲ့တော့ စောစောကပြောတဲ့ ၂ ဆင့်ကို သွားဖို့ အတွက် ဆေးစစ်ရတာပေါ့၊ Work Permit လုပ်ဖို့အတွက်က ဆေးစစ်ရတာပေါ့လေ၊ အဲ့ဒီ Process သွားရတာပေါ့နော်။”

မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက်မဆောင်ရွက်နိုင်ကြောင်း ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ပျက်ကွက်ခဲ့မယ်ဆိုရင် ရက်ချိန်း ( Q) အား ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည့်အတွက် ကာယကံရှင် အလုပ်သမားများအနေဖြင့် ထပ်မံဆောင်ရွက်ခွင့် မရရှိတော့ပဲ ထိုင်းနိုင်ငံအတွင်း တရားဝင် ပြန်လည်ဝင်ရောက်လိုလျင်လည်း MOU စနစ်တစ်မျိုးထဲဖြင့်  ပြန်လည်ဝင်ရောက်ခြင်းကို တရားဝင် ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

လောလောဆယ် ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်ရန်အတွက် အသစ်ထပ်မံဝင်ရောက်လာသည့် တရား မဝင် ဝင်ရောက်နေထိုင် သူများနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တစ်စုံတစ်ရာ မရှိသေးသူများအတွက် တရားဝင်အလုပ် လုပ်ကိုင်နေထိုင်နိုင်ခွင့် လုံး၀ မရှိသေးသူများကို အသစ်ထပ်မံ လုပ်ပေးရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ပြောဆိုဆွေးနွေးထားခြင်းမရှိသေးသလို အစီအစဉ်လည်း မရှိသေးကြောင်း ပြောဆိုသည်။

လက်ရှိတွင် မြန်မာသံရုံးမှ မည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် CI ( Certificate of Identity) ထုတ်ပေးထားသူ ၁၀ သိန်းကျော်ရှိပြီး မြန်မာအလုပ်သမားများ နေထိုင်ခွင့် Passport အသစ်လုပ်သူ၊ အဟောင်းလဲ သူများမှာ ၂ သိန်း ခန့် လုပ်ထားပေးပြီးဖြစ်သည်ဟု ဦးစန်းမောင်ဦး မှ ဆက်ပြောသည်။