တိုင်းရင်းမီဒီယာ တည်တံ့ရေး စိန်ခေါ်မှု များစွာရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။

တိုင်းရင်းသား သတင်းမီဒီများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စိန်ခေါ်မှုများစွာရှိနေသေးသည်ဟု တိုင်းရင်းမီဒီယာခေါင်းဆောင်များက ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ဧပြီလ ၂၇ ရက် (ယနေ့)တွင် စတင်ကျင်းပနေသည့် တိုင်းရင်းမီဒီယာညီလာခံ ဆဌမအကြိမ် မြောက် ကျင်းပရေး ကော်မတီ ဥက္ကဌ နန်းဖောဂေး က “စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ တစ်တချက်က ကျွန်မတို့ သတင်းရယူမှုအပိုင်းမှာဖြစ်စေ သတင်းထုတ်လုပ်မှု အပိုင်းမှာဖြစ်စေ စိန်ခေါ်မှု တွေရှိတယ်။ နောက်တစ်ခု ပြန်ကြားရေးဝန်ကြီးဌာန ဒီပြည်ထောင်စုဝန်ကြီး ပြောသွားတဲ့ ပူးပေါင်း ဆောင်ရွက် ညှိနှိုင်းလုပ်ဆောင်မှုအပိုင်း၊ နောက်တစ်ခုက ကျွန်မတို့ မီဒီယာသမားတွေရဲ့ စိန်ခေါ်မှုပေါ့ နော် လုံခြုံမှုရေးအရ ဘယ်လောက်ထိ တာဝန်ယူပေးနိုင်မလဲဆိုတဲ့ အခန်းကဏ္ဍ၊ ကျွမ်းကျင်မှုအပိုင်း၊ နောက်ပြီး ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုက အခက်အခဲတွေ ရှိတဲ့အခါကြတော့ တိုင်းရင်း မီဒီယာ တချို့ဆိုရင် တိမ်မြှပ်သွားတာတွေလည်း ရှိတယ်” ဟု ပြောသည်။

တိုင်းရင်းမီဒီယာများ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့မှ ထိရောက်စွာပံ့ပိုးပေးရန်နှင့် လွတ်ပ်စွာ ရပ်တည်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်ဟု တိုင်းရင်းမီဒီယာ ခေါင်းဆောင်များက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “ကျွန်တော်တို့အနေနဲ့ ရှိနေတဲ့ အနေအထားကို ပီပီသသ သုံးသပ်ပြီးတော့ ဒီအနေအထားမှာ အကောင်းဆုံး ဘယ်လိုဆောင်ရွက်နိုင်မလဲ အခုထက်ပိုပြီးတော့ တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ခေါင်းအေးအေးထားပြီးတော့ ကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ သက်ဆိုင်တဲ့သူများနဲ့ ညှိနှိုင်းပြီးတော့ ဆွေးနွေးဆောင်ရွက်ဖို့ လိုပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲဒီလိုညှိနှိုင်းဆွေးနွေး ဆောင်ရွက်နိုင်လို့ရှိရင် ကျနော်တို့ အောင်မြင်တဲ့ ပန်းတိုင်ရှိလာပါလိမ့်မယ်။ မညှိနှိုင်း မဆွေးနွေးပဲနဲ့ ငြင်းခုန်နေ ဝေဖန်နေမယ်ဆိုလို့ရှိရင် အကျိုးကျေးဇူး ခံစားရမှာမဟုတ်ပါဘူး။ ဒါကို ကျွန်တော် အလေးအနက် ပြောချင်ပါတယ်” ဟု အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သတင်းမီဒီယာသမားများ၏ လုံခြုံမှုရေးအတွက်လည်း ပြန်ကြားရေးဝန်ကြီး ဌာနတစ်ခုထဲတင် မဟုတ်ပဲ အစိုးရအောက်ရှိ သက်ဆိုင်ရာ အဖွဲ့ဌာနဆိုင်ရာများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့အပြင် တပ်မတော်နှင့်လည်း ညှိနှိုင်းလုပ်ဆောင်ရမည့် အနေအထားမျိုးရှိသည်ဟု တိုင်းရင်းသတင်း မီဒီယာမှ ခေါင်းဆောင်များက ပြောသည်။

ယနေ့စတင်ကျင်းပသည့် တိုင်းရင်းမီဒီယာ ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည် နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင် စောသမိန်ထွန်းတို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားခဲ့သည်။

အစိုးရဌာနဆိုင်ရာများအနေဖြင့်လည်း “ကျွန်မတို့အနေနဲ့ ဒီလိုလုပ်ငန်းလုပ်ဆောင်ရာမှာ ညှိနှိုင်းဆောင် ရွက်ရတယ်ဆိုတာ အဆင့်ဆင့်ရှိတယ်။ ကျမတို့မှာ ဒီဌာနဆိုင်ရာ ဝန်ကြီးဌာနတွေဆိုရင် သူ့ရဲ့တိုင်း ဒေသကြီးအလိုက် ပြည်နယ်ဒေသတွေအလိုက်ရှိတယ်လေ။ ဆိုတော့ အဲ့ဒီအဆင့်ဆင့်မှာလည်း ညှိ နှိုင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို မူဝါဒလုပ်ငန်းသဘောထားအနေနဲ့ စနစ်တကျ ချမှတ်ပြီးတော့ လုပ်ဆောင်မှသာ ထိရောက်အောင်မြင်မယ်လို့ ကျမအနေနဲ့ မြင်တယ်” ဟု နန်းဖောဂေး က ပြော သည်။

“တိုင်းရင်းမီဒီယာရေရှည်တည်တံ့ရေး မီဒီယာဆိုင်ရာ အသိမြှင့်တင်ပေး” ဆိုသည့် ဆောင်းပုဒ်ဖြင့် ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဘားအံမြို့တွင် တိုင်းရင်းမီဒီယာ ညီလာခံကို သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

“ဒီပွဲကိုကျတော့ ကျွန်မတို့တိုင်းရင်းသားမီဒီယာ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တစ်ချက်ရယ်၊ နောက် တိုင်းရင်းမီဒီယာ မူဝါဒပေါ်ထွန်းလာရေးအတွက်ကို ရည်ရွယ်ပြီးတော့ ဆဌမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု နန်းဖောဂေး က ပြောသည်။

အဆိုပါ ညီလာခံတွင် တိုင်းရင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းမီဒီယာလွတ်လပ်ခွင့်၊ ပြည်နယ်အလိုက် မီဒီယာရောက်ရှိမှုအခြေအနေများ၊ ပြည်နယ်အလိုက် သတင်းမီဒီယာလိုအပ်ချက်များ၊ သတင်းမီဒီယာ ဖြန့်ချီရေးနှင့် ဈေးကွက်အခြေအနေများ၊ တိုင်းရင်းမီဒီယာ မူဝါဒပေါ်ထွန်းရေးတို့အတွက် ဆွေးနွေးသွားမည်ဟု ပြောသည်။

တိုင်းရင်းမီဒီယာညီလာခံကို တိုင်းရင်းမီဒီယာများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်း (BNI)က ကြီးမှူးကျင်းပခြင်းဖြစ်သည်။

မော်လမြိုင်မြို့တွင် ပထမအကြိမ်၊ တောင်ကြီးမြို့တွင် ဒုတိယအကြိမ်၊ ဟားခါးမြို့တွင် တတိယအကြိမ်၊ မြောက်ဦးမြို့တွင် စတုတ္ထအကြိမ်၊ လွိုင်ကော်မြို့တွင် ပဉ္စမအကြိမ်နှင့် ဘားအံမြို့တွင် ဆဌမအကြိမ် ကျင်းပခြင်းဖြစ်သည်။

ဆဌမအကြိမ် ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံသို့ BNI အဖွဲ့ဝင်များ၊ ပြည်နယ်အသီးသီးမှ တိုင်း ရင်းမီဒီယာအဖွဲ့များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း CSO များ၊ တိုင်းရင်းသားလက်နက်ကိုင် EAOs များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များ၊ တိုင်းရင်းလူငယ်အဖွဲ့များ၊ သတင်းစာဆရာများ၊ သတင်း မီဒီ ယာ ကောင်စီများ၊ သတင်းဌာနကြီးများနှင့် အလှူရှင်များ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့် တက် ရောက် ဆွေးနွေး လျှက်ရှိသည်။