ချင်းမိုင်မြို့တွင်ကျင်းပမည့် တိုင်းရင်းသားဆွေးနွေးပွဲ ၂ ခု တားဆီးပိတ်ပင်ခံရ
ကရင်စစ်ဘေးရှောင်ပြည်သူများ ရိက္ခာအခက်ကြုံနေ
သတင်းနှင့်မီဒီယာကွန်ရက်။
ဧပြီလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN မှ ကျင်းပသည့် ဖာပွန် ဒေသ စစ်ရှောင်ဒုက္ခသည်များအကြောင်း မီးမောင်း ထိုးပြထားသည့် တကျော့ပြန် အိမ်မက်ဆိုး အစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC မှကျင်းပသည့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့်ဒုက္ခသည်များ ဆိုင်ရာမူဝါဒ ဆွေးနွေးပွဲ များ ကျင်းပခွင့်ပိတ်ပင် ခံခဲ့ရခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းက ချင်းမိုင်တက္ကသိုလ်တွင်ကျင်းပမည့် တကျော့ပြန်အိမ်မက်ဆိုး အစီရင်ခံစာ မိတ်ဆက်ပွဲ တားဆီးခံရမှုနှင့်ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေး အခြေအနေများကို လာရောက်ရှင်းလင်းပေးရန် ရောက်ရှိ လာသည့် KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ဟောင်း နော်စီဖိုးရာစိန် မှ ယခုလို ပြောဆိုသည်။
“မိတ်ဆက်ပွဲတော့ မလုပ်နိုင်ဘူးပေါ့၊ ဖြစ်တာကတော့ ဗမာအစိုးရကနေတဆင့် ဖိအားလာပေးတာဖြစ်မယ်။ ကျမက ဒီပွဲဖြစ်မြောက်ရေးဦးဆောင်သူမဟုတ်တော့ အသေးစိတ်တော့ မသိရပါဘူး၊ ကျမက ပန်နယ်လစ်စ် တစ်ယောက်အနေနဲ့ပဲ ကျမကို ဒီလိုပဲအကြောင်းကြားဖြစ်တယ်။”ဟု KNU ဒုဥက္ကဌ ဟောင်း နော်စီဖိုးရာစိန် မှ ပြောဆိုသည်။
“အမည်မဖော်လိုသည့် ထိုင်းအာဏာပိုင်တစ်ဦး ပြောဆိုရာတွင် “ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချူပ် ခင်ဇော် မှ တဆင့် တားဆီးပိတ်ပင်ပေးရန် စာဖြင့် တရားဝင်တောင်းဆိုလာခြင်းကြောင့် တားမြစ်ရတာ ဖြစ် တယ်။ ဘာလို့လည်းဆိုတော့ သူပြောလာတာက ကရင် နဲ့ မြန်မာစစ်တပ်နဲ့ ခွဲခြားမှုကိစ္စတွေ ရှိတယ် သူတို့ပြောမယ့် အကြောင်းအရာက အဲ့ဒါတွေတာကြောင့် လို ပြောပါတယ်။ နောက်တစ်ခုကတော့ အခုလုပ်တဲ့သူတွေက ခွင့်ပြုချက်တောင်းခံပြီးလုပ်ဆောင်တာ မဟုတ်တာကြောင့်ဖြစ်တယ်”ဟု ပြောဆိုသည်။
တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှကျင်းပသည့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့်ဒုက္ခသည်များ ဆိုင်ရာမူဝါဒ ဆွေးနွေးပွဲကိုတော့ ဧပြီလ ၂၄ ရက်နေ့ အင်္ဂါနေ့ကတည်းက ထိုင်းအာဏာပိုင်များမှ မကျင်းပရန် တားမြစ်ထားသည့်အတွက် တက်ရောက်လာသည့် ပြည်တွင်း ပြည်ပမှ ကိုယ်စားလှယ် ၆၀ ကျော် ကို စီစဉ်နေရာချထားမှုနှင့် ခရီးသွားလာမှုများအတွက် အနှောက်အယှက် ဖြစ်ခဲ့ရသည်ဟု သိရသည်။
တကျော့ပြန် အိမ်မက်ဆိုး အစီရင်ခံစာနှင့် ပတ်သက်၍ KNU ကရင်အမျိုးသား အစည်းအရုံး ၏ မူတရော် (ဖာပွန်) ခရိုင်အတွင်း၌ စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ IDP ဒုက္ခသည် အခြေအနေများ ရှင်းလင်းရန်သာဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ ဟောင်း နော်စီဖိုးရာစိန် မှ ပြောသည်။
“အခုလောလောဆယ်မှာ မူတရော် ခရိုင်မှာပေါ့နော် မြန်မာ့တပ်မတော်က လာပြီးတော့ ဖွံ့ဖြိုုးရေးလုပ်ငန်းနဲ့ လာပြီး ပဋ္ဋိပက္ခဖြစ်သွားတဲ့အပေါ်မှာ စစ်ပွဲအပြန်အလှန်ဖြစ်တဲ့အခါ ပြည်သူလူထုတွေ ဒုက္ခရောက်နေတယ်၊ ပြီးတော့ ပြည်သူလူထုတွေလည်း ၂၀၀၀ ကျော် ဟာ IDP ဖြစ်သွားပြီးတော့ သူတို့ တောထဲမှာ ဖြစ်နေတဲ့ အကြောင်းကို အဓိကပြောပြီးတော့ သူတို့ကို ကူညီထောက်ပံ့ဖို့အတွက်လည်း လိုအပ်နေတယ်ဆိုတဲ့ သူတို့ အခြေအနေတွေပေါ့လေ။”
ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ IDP ဒုက္ခသည် ၂၀၀၀ ကျော်သည် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်သည့် မူတရော် (ဖာပွန်) ခရိုင် လူသောမြို့နယ်ရှိ ခေးပူရွာ နှင့် လယ်မူပလောရွာ အကြား ကားလမ်းဟောင်းအား ဖောက်လုပ်ရန်အ ကြောင်းပြ၍ မြန်မာအစိုးရစစ်တပ်မှ နယ်မြေကျူးကျော်လာမှုကြောင့် KNU တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု နည်းသွားသော်လည်း အစိုးရတပ်မတော်ဖက်မှ ပြန်လည်ဆုတ်ခွာခြင်းမရှိပဲ တပ်အင်အားဖြည့်တင်းခြင်း၊ စခန်းအတည်တကျဆောက်လုပ်နေခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာအတွက် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု KNU ဒုဥက္ကဌ ဟောင်း နော်စီဖိုးရာစိန် မှ ဆက်ပြောသည်။
အခုသူတို့က ဘယ်မှလည်း ရွှေ့ပြောင်းလို့မရသေးဘူး၊ တောထဲမှာပဲ ရှိနေတုန်းပဲ ဘာဖြစ်လို့လည်းဆိုတော့ ဗမာစစ်တပ်က သူ့နေရာသူပြန်မဆုတ်ဘူး၊ သူတို့က လာချထားတဲ့နေရာပဲသူတို့နေတယ်။ ပြီးတော့ လူထုတွေ တွေ့လို့ရှိရင်လည်း ပစ်ခတ်မှုတွေ လုပ်တယ်၊ ပစ်ခတ်ကြတယ်။ အဲ့ဒါ ခဏခဏ ပစ်ခတ်မှုတွေ ဖြစ်ပေါ်တာပေါ့။ ဒေသခံတွေပြောတာက သူတို့တွေ ပြန်ဆုတ်မည့် အနေအထားမရှိဘူး၊ အဲ့ဒါကြောင့် ပိုပြီးတော့ ပြည်သူလူထုတွေအတွက်တော့ ပိုပြီးတော့ ဆိုးရိမ်မှုရှိလာတယ်၊ တကယ်လို့ ပြန်မဆုတ်ဘူး ဆိုရင် ပြည်သူလူထုတွေအတွက်တော့ ပိုပြီးတော့ အခက်အခဲ ဖြစ်လာမယ်၊သူတို့ရွာ သူတို့အိမ်တွေ ပြန်လို့ မရဲတော့ဘူး၊ ပြီးတော့ ပစ္စည်းတွေ သူတို့ ရိက္ခာတွေ သူတို့ စားစရာတွေက ပြန်ယူဖို့ အဆင်မပြေတော့ဘူး ဖြစ်နေတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရအကြား သဘောတူချူပ်ဆိုထားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချူပ်တွင် တစ်ဖက်နှင့်တစ်ဖက် နယ်မြေဖြတ်သန်းသွားလာလိုလျင် တရားဝင်အကြောင်းကြား၍ နှစ်ဖက်သဘောတူညီမှု ရယူပြီးမှသာ ဖြတ်သန်းသွားလာခွင့်ရှိကြောင်း ချူပ်ဆိုထားသော်လည်း ယခုဖြစ်ရပ်တွင် အစိုးရစစ်တပ်မှ အကြောင်းကြားမှုနဲ့ လှုပ်ရှားမှု ကွဲလွဲနေသလို ကျူးကျော်လာသော တပ်ဖွဲ့များကိုလည်း နေရပ်ပြန်ဆုတ်ခွာခြင်း မရှိသေးပဲ အခြေချ နေထိုင်နေခြင်းဟာ NCA သဘောတူစာချူပ်ကို ချိုးဖောက်ရာ ရောက်သည်ဟု KNU ဒုဥက္ကဌ ဟောင်း နော်စီဖိုးရာစိန် မှ ပြောဆိုသည်။