စစ်ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန် အစီရင်ခံစာ ထုတ်ပြန်
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဧပြီလ ၂၄ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်သားဒေသများတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို လွတ်လပ်ဘက်မလိုက်သည့် တရားရုံးဖွဲ့စည်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ရမည်ဟု ဥပဒေအထောက်အကူပြုကွန်ရက် ( Legal Aid Network) တည်ထောင်သူတစ်ဦးဖြစ်သည့် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး မှ ယနေ့ ပြောဆိုလိုက် သည်။
မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်သူများ လွတ်ငြိမ်းခွင့်ရနေမှုအား အဆုံးသတ်ရန်အတွက် တာဝန်ခံမှုကို ရှာဖွေ ခြင်း ဆိုသည့် စာမျက်နှာ ၁၀၀ ကျော်ပါရှိသော စစ်ရာဇဝတ်မှု အစီရင်ခံစာတစ်စောင်ကို ဥပဒေအထောက်အကူ ပြုကွန်ရက် LAN မှ ဒီကနေ့ ထုတ်ပြန်လိုက်ပြီး ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နီပြည်နယ် နှင့် ကချင်ပြည်နယ် များ၌ ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများပါရှိသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး မှ “သုံးခုစလုံးမှာကျူးလွန်တာကတော့ မြန်မာစစ်တပ်ပါ။ လက်ရှိ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ မှုခင်းတွေကြည့်ပဲ။ အဲ့တော့ မုံးကိုး ကအကြီးဆုံးလို့ပြောလို့ရတယ်၊ တနိုင်းက ဒုတိယအကြီးဆုံး လို့ပြောလို့ရတယ်၊ နောက် ကရင်နီပေါ့လေ သုံးခုစလုံးက မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ကြီးတွေကြည့်ပဲ ဖြစ်ပါတယ်”။ ဟု ပြောသည်။
အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၌ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တွင် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ချိန်က ရွာသူရွာသား ၁၄၇ ယောက်ကို စစ်တပ်ဗျူဟာကုန်း ပတ်လည်တွင် ဝမ်းလျားမှောက်အနေအထားဖြင့် ၁၃ ရက်ကြာ လူသားဒိုင်းအနေဖြင့် အသုံးပြုခဲ့ရာ ၁၃ ဦး ဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့မှု အပါအဝင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့သည့် အခြေအနေများကို ဒေသခံများအား မေးမြန်းတင်ပြထားသည်။
ထို့အပြင် ဒုတိယဖြစ်ရပ်ဆိုးအနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့၌ ကရင်နီစစ်သား ၃ ဦး နှင့် ရွာသား တစ်ဦး ကို တရားစီရင်ရေးအရမဟုတ်ပဲ လက်လွတ်စပယ် သတ်ဖြတ်ခဲ့ခြင်းနှင့် တတိယ ဖြစ်ရပ်မှာ ကချင်ပြည်နယ် တနိုင်းဒေသတွင် ၂၀၁၈ ခုနှစ် ဇန္နဝါရီလက ရွှေနှင့်ပယင်းတူးဖော်လုပ်ကိုင်နေကြသော အရပ်သား ၄၀၀၀ ခန့်ကို လူသားဒိုင်း ဖြစ်စေရေးအတွက် ၁၃ ရက်ကြာ ပိတ်ဆို့ထားခဲ့မှု အပါအဝင် KIA ဂိတ်စခန်းတစ်ခု၌ အရပ်သား ၄ ဦး နှင့် KIA တပ်သား ၂ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုများကို အချက်အလက်များနှင့်တကွ မေးမြန်းဖော်ပြထားသည်။
ဤအစီရင်ခံစာ ထုတ်ပြန်ရခြင်းသည် မြန်မာနိုင်ငံအတွင်း စစ်မှန်ငြိမ်းချမ်း၍ တရားမျှတပြီး တိုးတက်ဖွံ့ဖြိုးမှု ရရှိစေလိုသောကြောင့်ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ စီးပွားရေး တိုးတက်မှု မရှိခြင်း နှင့် ဥပဒေစိုးမိုးမှုပျက်ပြား နေသဖြင့် ပြည်သူလူထု ဆင်းရဲတွင်းနက်လာသည့် အခြေအနေကြောင့် အဓိက စစ်ရာဇဝတ် မှုကြီးများ ဖြစ်ပွားခဲ့သည့် နေရာသုံးနေရာကို ရွေးချယ်တင်ပြရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး မှ ဆက်ပြောသည်။
“ဘာကြောင့် ပြည်တွင်းစစ်ဖြစ်တာလည်းဆိုတာကို ချုံကြည့်တဲ့အခါကြတော့ အခြေခံအားဖြင့်တော့ ပြည်တွင်းစစ်နှစ်ပေါင်း ၇၀ အတောအတွင်းမှာ အဓိကကျတာက အာဏာရလာတဲ့ မြန်မာစစ်အစိုးရ စစ်တပ် စစ်စခန်းက တိုင်းရင်းသားပြည်နယ်တွေကပိုင်တဲ့ သဘာဝသယံဇာတတွေကို လက်ဝါးကြီးအုပ် သွေးဆုတ် ချင်တဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ အဓိကထွက်ရှိတဲ့ နေရာတွေကို ရာခိုင်းနှုန်းပြည့်နီးပါး ထိန်းချုပ်လွမ်းမိုးနိုင်ဖို့ ကြိုးစားတဲ့ အခြေခံက စစ်ပွဲတွေဆင်နွဲရင်းနဲ့ ဥပဒေစိုးမိုးရေး တွေပျက်တယ်၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ် တယ်၊ပြည်တွင်းစစ် သက်ဆိုးရှည်နေတယ်။ဒါကြောင့် ဒီအခြေခံအချက်အလက်တွေကို ထောက်ပြချင်တာကြောင့်မိုလို့”
ယခုအစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် ဥပဒေအထောက်အကူပြုကွန်ရက် LAN မှ စစ်ရာဇဝတ်မှု ပေါ်ပေါက်ခဲ့သည့် နေရာဒေသများသို့ သွားရောက်၍ စစ်တမ်းကောက်ယူမှုများ၊ ပါဝင်ပတ်သက်ခဲ့သည့် ဒေသခံပြည်သူများကို တွေ့ဆုံမေးမြန်းပြီး အချိန် တနှစ် ကြာ မှတ်တမ်းပြုစုခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
စစ်ရာဇဝတ်မှုများသည် မုံးကိုးဒေသ နှင့် တနိုင်းဒေသတွင် အများဆုံးတွေ့ရှိရသည့်အပြင် လေယာဉ်ဗုံး ဒဏ်ကြောင့် ပျက်စီးမှု၊ မြန်မာတပ်မတော်မှ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ နေအိမ်များမီးရှို့ခံရမှု၊ စပါးကျည် မီးရှို့ခံရမှု၊ လူအများအပြားကို သွားလာ၍မရအောင် ပိတ်ဆို့ထားမှု၊ ဖိအားပေး၍ လူအများအပြားကို မိုင်းကွင်းဖြတ်သန်းစေမှု၊ တားဆီးပိတ်ပင်ခံထားရသူများကိုရိက္ခာဖြတ်တောက်မှု၊ တယ်လီဖုန်းများသိမ်း ဆည်း၍ မိသားစုဖြင့် အဆက်အသွယ်ဖြတ်တောက်မှု၊ စသည့် စစ်ရာဇဝတ်မှု အများအပြား ရှိခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြပြောဆိုခဲ့သည်။
စစ်ရာဇဝတ်ကျူးလွန်သူများကို လက်ရှိအစိုးရမှ ပထမဆုံးအဆင့် အနေဖြင့် ဘက်နှစ်ဖက်မှပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ရန်လိုအပ်ပြီး လုပ်ပိုင်ခွင့်များသတ်မှတ်ဆောင်ရွက်ရန်နှင့် ဒုတိယအဆင့်တွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ တရားသူကြီးများ ပါဝင်သော ပူးတွဲတရားရုံးဖွဲ့စည်း စစ်ဆေးပြီး အရေးယူသွားရန်လိုအပ်နေပြီးဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး မှ ဆက်ပြောသည်။
“လွတ်လပ်ဘက်မလိုက်ထက်မြက်တဲ့ တရားစီရင်ရေးတစ်ရပ်က ဗမာပြည်မှာ အသေအချာရှိဖို့ လိုအပ် လာတယ်။ တကယ်တော့ အရေးယူရမှာက အဲ့ဒီ တရားရုံးက အရေးယူရမှာ၊ လူထုကို ဆန့်ကျင်သတ် တာလေသူက၊ သူ့တပ်တွင်းအပြုအမူမဟုတ်ဘူးလေ၊ ဒါက ရိုဟင်ဂျာ လူထု ၁၀ ယောက်ကို သတ်သွား တာလေ၊ ဆိုတော့ ဒါ လူထုကို ဆန့်ကျင်တဲ့ ပြစ်မှုက စစ်ခုံရုံးတက်လို့မရဘူး၊ ဒါလက်ရှိတည်ဆဲ့ဥပဒေ ဖြစ်တဲ့ ၁၉၅၉ တပ်မတော်ရဲ့ ဥပဒေထဲမှာ မပါဘူး။ တပ်မတော်ရဲ့ အက်ဥပဒေ ထဲမှာပါတဲ့ ပုဒ်မ ၇၁ က နယ်ဘက်ပြစ် မှုများအားဆိုပြီးတော့ သူကလက်ညိုးထိုးပြီးတော့မှ သူ့ရုံးမှာ အာဏာရှိတယ် သူ့ဟာသူဆုံးဖြတ်သွား လိုက်တာ၊ ဒါ လုပ်လို့မရဘူး၊ အဲ့တော့ တရားစီရင် စနစ်ကိုက ပြင်ရမယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ စစ်ဖက်ဆိုင်ရာခုံရုံးဆိုတာကြီးကို ဖျက်ကိုပြစ်ရမယ်။ ဗမာပြည်မှာ ရှိကိုမရှိဘူး၊ ကမ္ဘာမှာလည်း မရှိဘူး၊”
ပြင်းထန်သည့် ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့သော ကျူးလွန်ဆဲဖြစ်သည့် မြန်မာစစ်တပ်မှ တရားခံများကို ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူစေနိုင်ရန် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင် အနေဖြင့် မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပြစ်မှုတရားရုံး အသစ်တရပ် ဖွဲ့စည်း ပေးရန်ဖြစ်စေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေအနေအား နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) သို့ လွဲမြောင်း ပေးအပ်ရန် ဖြစ်စေ ထောက်ခံတင်ပြရေးအတွက် စဉ်းစားသင့်ကြောင်းလည်း အကြံပြု တင်ပြထားသည်။