လွတ်လပ်၊ တက်ကြွ၊ ဘက်မလိုက်သော တရားစီရင်ရေး ပျောက်ဆုံးနေဟု သတင်းသမားများပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊  စက်တင်ဘာလ ၄ ရက်။

ရိုက်တာ သတင်းထောက် ၂ ဦးအား ထောင်ဒဏ်(၇) နှဏ်စီ ချမှတ်လိုက်ခြင်းသည် သတင်းသမား များအား လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တို့ကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး လွတ်လပ်၊ တက်ကြွ၊ ဘက်မလိုက်သော တရားစီရင်ရေး ဝန်းကျင် ပျောက်ဆုံးနေမှုကို ထင်ဟပ်သည်ဟု သတင်းမီဒီယာ သမားများက ပြောသည်။

“ရခိုင်လို အကြောင်းအရာမျိုး ရခိုင်မှာဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လိုဟာမျိုးတွေကို မီဒီယာက ဖော် ထုတ်ဖို့ မကြိုးစားနဲ့ပေါ့။ မီဒီယာမှာ အကန့်အသတ်တွေနဲ့ ဆင်ဆာတွေ ပေါ်ထွက်လာတဲ့ သဘောရှိတယ်။ မီဒီယာမှာ အဲ့ဒီဟာကို လုပ်ရဲတဲ့သူက အခုလို ထောင်ဒဏ်မျိုးကို ကျခံနိုင်မှ လုပ်ဆိုတဲ့ သဘောမျိုးဖြစ်လာ တယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက်(MJN) အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် က ပြောသည်။ “မီဒီယာလွတ်လပ်ခွင့်အတွက် ကျိန်းသေပေါက် အတားအဆီးရော၊ အကန့်အသတ်ရော၊ ဆင်ဆာရော ဖြစ် သွားတာပေါ့။ ဆိုတော့ မီဒီယာလောကမှာတော့ ကိုယ့်ဟာကိုယ် လက်ရှောင်ရမယ့်၊ ဆင်ဆာလုပ်ရမယ့် အကြောင်းအရာတို့ ခေါင်းစဉ်တို့ အဲ့လိုဖြစ်လာတဲ့ သဘောရှိတာပေါ့။”

နှစ်ဖက်ရှေ့နေများ၊ တရားလိုပြသက်သေ (၂၃) ဦးနှင့် တရားခံပြသက်သေ (၄) ဦးတို့အား တရားရုံးတွင် ၉ လ နီးပါးအကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ (၃) ရက်နေ့တွင် နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မဖြင့် စီရင်ချက် ချလိုက်ခြင်းလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ကြီးမားသည့် ရိုက်ခတ်မှု တစ်ခုဖြစ်သည်ဟု သတင်းမီဒီယာသမားများက ပြောသည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှောင့်နှေးစေသည် သာမက တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ တရားစီရင်ရေးတို့မှာ ဆိုးရွားနေပြီဖြစ်သည်ဟု ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က စီရင်ချက်ချအပြီး သတင်းထောက်များအား ဖြေကြားခဲ့သည်။

သတင်းမီဒီယာသမား၏ သတင်းရယူခွင့်၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပိုင်ခွင့်တို့ကို ဟန့်တားနေသည့် ဥပ ဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်အပြင် လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေး ဝန်းကျင် ဖြစ်ပေါ်လာအောင်ဖန်တီးရန် ပြည်ထောင်စုအစိုးရအား နိုင်ငံတကာ မြန်မာ့သတင်း Burma News International-BNI က သဘောထုတ်ပြန်ချက် ထုတ်ကာ တောင်းဆိုလိုက်သည်။

“ဒီနေ့ ဖြစ်ပျက်တဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီးတော့ သတင်းမီဒီယာ လောကကြီးတခုလုံး စိန်ခေါ်မှုအကြီးကြီး ဖြစ်သွားတယ်ပေါ့နော်။ နောက်တစ်ချက် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက်လည်း နှောင့်နှေးကြန့်ကြာစေတယ်ပေါ့။ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာသမားတွေ ဥပဒေအရ အကာအကွယ်မပြုနိုင်တဲ့ ကိစ္စက ဒီမိုကရေစီ နိုင်ငံအသွင်ကူးပြောင်းတဲ့နေရာမှာ အနှောင့်အယှက်ကြီးကြီးမားမား တစ်ခုဖြစ်တယ်လို့တော့ သုံးသပ်မိတယ်” ဟု BNI မူဝါဒရေးရာကော်မတီမှ အဖွဲ့ဝင် ဦးကိုကိုဇော် က ပြောသည်။

Reuters သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့သည် ရဲတပ်ဖွဲ့ဝင်များဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ ဆုံခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရန်ကုန်မြို့ ၊ ထောက်ကြန့်နယ်မြေရစခန်းမှာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာသတင်းရေးသားထုတ်ဖော်ပိုင်ခွင့်ကို ဖိနှိပ်ဟန့်တားနေသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်၊ လွတ်လပ်ပြီး တရားမျှတသော တရားစီရင်ရေးဝန်းကျင် ဖြစ်ပေါ်စေရန်နှင့် ထောင်ဒဏ်ကျခံခဲ့ရသော သတင်းထောက်များအား အမြန်ဆုံးပြန်လည်လွှတ်ပေးရန် စသည့် အချက်များကို ပြည်ထောင်စုအစိုးရထံ BNI က တိုက်တွန်း တောင်းဆိုထားသည်။

“သတင်းသမားတွေကိုတော့ ဥပဒေအရ အရေးယူချင်တယ်ဆိုရင် သတင်းမီဒီယာ ပြဌာန်းထား တာရှိတယ်လေ မြန်မာပြည်မှာ။ သတင်းမီဒီယာ ဥပဒေတွေနဲ့ပဲ အရေးယူမယ်ဆိုရင်တော့ အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်လို့၊ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာ ဥပဒေသည် သတင်းသမားအားလုံးကို အကာအကွယ်ပေးတာလည်း ရှိသလို Right to information အရလည်း ပေးထားတဲ့ အခွင့်အရေးတွေရှိတယ်။ သတင်းသမား သတင်းရယူပိုင် ခွင့် ဥပဒေမှာ ပြဌာန်းပြီးတော့ပေးထားတာရှိတယ်။ သတင်းသမားတွေနဲ့ ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေ လည်း ရှိတယ်ပေါ့။ အဲ့ဒီသတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေနဲ့သာ အရေးယူရင် ပိုပြီး သင့်တော်တယ်ပေါ့” ဟု ဦးကိုကိုဇော်က ပြောသည်။

နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စီရင်ချက် ချလိုက်ခြင်းသည် ဥပဒေကြောင်းအရ အမှုသွားအမှုလာအရ အပြစ်ပေးခြင်းဆိုသည်ထက် ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကဲ့သို့ အလားတူ သတင်းများအား မဖော်ထုတ်ရဲအောင် သတင်းမီဒီယာ လောကသားများအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာသမားများက ထောက်ပြသည်။

“ကျနော့်အမြင်မှာတော့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေက တကယ့်ကို ဒီဟာတွေကို အရေးယူခံရဖို့ တကယ့်ပြဿနာလို့ မြင်တယ်လေ။ ဒါကအဓိကပြဿနာ၊ ဒီအမှုတင်မကဘူး နောက်ဒီလိုကိစ္စမျိုးတွေ ကြုံလာရင်လည်း ဒီလျှို့ဝှက်ချက်ဥပဒေနဲ့ အပြစ်ကြီးကြီးမားမားပေးခံရနိုင်တာရှိတော့ ဒီဟာမျိုးကို အဓိက ဦးတည်ပြီးတော့ ပြင်နိုင်အောင် လှုံ့ဆော်ဖို့ပဲဖြစ်ဖြစ် တိုက်တွန်းဖို့ပဲဖြစ်ဖြစ် ပြင်ဆင်နိုင်အောင် ကြိုးစားဖို့က ပိုအရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု ဦးမြင့်ကျော်က ဆက်ပြောသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး NLD အစိုးရ အာဏာပိုင်များကိုယ်တိုင်က အကန့်အသတ်ရှိရမည် ဆိုသည့်အမြင်များရှိသည့်အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကောင်းသည်ဆိုသည့်အမြင်မျိုး မရှိသည့်အတွက် မှားယွင်းသည့် အမြင်ဖြစ်သည်ဟု ဦးမြင့်ကျော်က ပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများက ဖမ်းဆီးထားသည့် ရိုက်တာ သတင်းထောက်နှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုနေသည့်ကြားကပင် ယခုကဲ့သို့ ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။