ရေဖြူမြို့နယ် အတွင်း အရပ်သား တစ်ဦး မြေမြုပ်မိုင်းနင်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့ နယ်အတွင်း အရပ်သားတစ်ဦး မြေမြုပ်မိုင်းနင်းမိရာ ယခု အောက်တိုဘာလအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူနှစ်ဦး ရှိပြီဖြစ်သည်။
ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် တစ်လအတွင်း မွန်ပြည် သစ်ပါတီတပ်ဖွဲ့ ဝင် ၁ ဦးနှင့် ဒေသခံကွမ်းသီးခြံပိုင်ရှင် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိသည်ဟု မွန်ပြည်သစ်ပါတီနှင့် ဒေသခံတို့ထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ရေးမြို့နယ် ဟံဂံကျေးရွာခံ မင်းချမ်းမွန်(ခ) အဗလိုင်း (၃၀ နှစ်) ဆိုသူမှ ရေဖြူမြို့ နယ် အလယ်စခန်းကျေးရွာအနီးရှိ ကွမ်းခြံသို့အဝင် လမ်းမဘေးတွင် မြေမြုပ်မိုင်း နင်းမိသဖြင့် ခြေထောက်ထိခိုက်ဒဏ်ရာရရှိကာ မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံနေရသည်ဟု မြေမြုပ်မိုင်းနင်းမိသူ၏ အစ်ကိုဖြစ်သူ နိုင်ရိန်း က ပြောသည်။
“ညာခြေတစ်ဖက်ကတော့ ဖြတ်ပစ်ရမယ်လို့တော့ ဆရာဝန်က ပြောတယ်၊ ဘယ်ခြေကတော့ အထိနည်းတယ်၊ ဆရာဝန်တွေ သေချာစိစစ်ပြီးမှ သေချာသိရမှာ” ဟု ပြောသည်။
အောက်တိုဘာလ ၂၈ ရက် မနက် ၁၁ နာရီပတ်ဝန်းကျင်တွင် မိုင်းမိခဲ့ခြင်းဖြစ်သည်။ ကျန်ခဲ့သော ထမင်းအိုး သွားယူစဉ် ခြံနှစ်ခြံကြားမှ ကားလမ်းပေါ်တွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူက ဆက်ပြောသည်။
အဆိုပါဒေသတွင် ခြံသွားရောက်လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကျော်ကြာရှိခဲ့ပြီး မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်မျိုးနှင့် မကြုံဖူးသလို ကြားလည်း မကြားဖူးကြောင်း နိုင်ရိန်းက ဆက်ပြောသည်။
ထို့အပြင် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း လုံခြုံရေး လှည့်ကင်းလှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တစ်ဦးကလည်း မြေမြှုပ်မိုင်းနင်းမိသဖြင့် ဘယ်ခြေထောက် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသခံနေရပြီး ဘယ်ခြေတစ်ဖက် ဖြတ်ထားရသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
မွန်ပြည်သစ်ပါတီအနေနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မြေမြုပ်မိုင်းအသုံးပြုမှု မရှိခဲ့ကြောင်း ယခုဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်သည်လည်း ၎င်းတို့တပ်ဖွဲ့မှ မြေမြှုပ်မိုင်းများ မဟုတ်ကြောင်း ပြောသည်။
“မွန်ပြည်သစ်ပါတီအနေနဲ့ မြေမြှုပ်မိုင်းအသုံးမပြုဘူးဆိုတာ လက်မှတ်ထိုးထားတာမရှိပေမယ့် ၉၅ နောက်ပိုင်းမှာ မြေမြှုပ်မိုင်း အသုံးပြုတာမရှိခဲ့ဘူး၊ လိုအပ်ချက်အရ အသုံးပြုဖို့ရှိလာရင်လည်း ဒေသခံပြည်သူတွေကို အသိပေးရမယ်၊ အချိန်ကာလသတ်မှတ်ချက်နဲ့ ၁၀ ရက်လား နှစ်ပတ်လား ပြီးတာနဲ့ ပြန်ဖြုတ်ရတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်း က ပြောသည်။
အဆိုပါ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာ နယ်မြေဒေသဖြစ်သည့်အပြင် မြန်မာ့တပ်မတော်တပ်ရင်းတပ်ဖွဲ့တို့မှလည်း လှုပ်ရှားသွားလာလေ့ရှိသည့် နယ်မြေဒေသ ဖြစ်သည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်အတွင်းတွင် နယ်မြေ အငြင်းပွားမှုကြောင့် ၂၀၁၆/၂၀၁၇ ခုနှစ်တုန်းက ၆ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။