စစ်တပ်မှဖမ်းဆီးထားသော ဓမ္မအမှုဆောင်သုံးဦးပြန်လွတ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

တရုတ်နယ်စပ်အနီး နမ်ဆန်ယန်တွင် ဖမ်းဆီးခံရသူ ဓမ္မအမှုေတော်ဆောင်များအနက်မှ သုံးဦးလွတ်လာပြီး ၁၂ ဦးကို တပ်မတော်က ထိန်းသိမ်းထားဆဲဖြစ်သည်ဟုကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ပြောသည်။

“အစက ၁၅ ယောက်။ ၁၅ ယောက်ထဲမှာ ၃ ယောက်လွှတ်လာတယ် ၁၂ ယောက်ကျန်တယ်လို့ ကျနော်တို့ သိရတယ်။ ဓမ္မအမှုတော်ဆောင်ဆိုတာက တရားဝင် အမှုတော်ဆောင် ဖြစ်နေတဲ့ဟာ သူကဆက်စပ်ပြီးတော့ အမှုတော်ဆောင်နေတဲ့ဟာတွေ ရှိတာပေါ့နော သူကပါမစ်နက် မဟုတ်ပဲ အမှုတော်ဆောင်တဲ့ဟာလည်း ရှိတာပဲ အသင်းတော်တိုင်းဆိုတော့ အဲလိုရှိတယ်” ဟု PCG မှ ဦးဆန်အောင် က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KBC မှ ဓမ္မအမှုတော်ဆောင်များမှာ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ ဒေသရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်စဉ် တရုတ်-မြန်မာနယ်စပ်အနီးရှိ နန်စန်ယာန်ကျေးရွာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု PCG က ပြောသည်။

“သူက ဓမ္မကိစ္စနဲ့ပဲ သွားကြတာခင်ဗျာ။ အားလုံးကတော့ အသင်းတော်နဲ့ ဆက်စပ်ပြီးတော့မှ သွားလာတာ အဲဒါကတော့ ဒုက္ခသည်စခန်းတွေကို သူတို့က သွားပြီးတော့မှ အားပေးစကားပြောတယ် သူတို့အတွက် ဆုတောင်းပေးတယ်။ အဲဒါမျိုးနဲ့သွားလုပ်ရင်းနဲ့ အဖမ်းခံရတာပါ။” ဟု ဦးဆန်အောင်က ပြောသည်။“အကြောင်းပြချက်က ၁၇/၁ နဲ့ ကေအိုင်အို ဧရိယာဖက်သွားတယ်ပေါ့ အဲဒီဖက် IDPs Camp တွေကို သွားကြည့်တာလေ ဒုက္ခသည်စခန်းတွေကို သွားကြည့်တာဆိုတော့ ကေအိုင်အေ ဧရိယာထဲရောက်နေတဲ့ ဒုက္ခသည်စခန်းကို သွားတာမ သွားခိုင်းတဲ့ သဘောမျိုးပေါ့။ အဲမှာသွားလို့ သူကဖမ်းတယ်”

ဓမ္မအမှုတော်ဆောင်များအား မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်မ ၁၀၁ မှ ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုမည့် အနေအထားတွင် ရှိနေသည်ဟု ဦးဆန်အောင်က ပြောသည်။

“မတရားအသင်း ဆက်နွယ်မှုပဲ ဆိုပြီးတော့ ဖမ်းတယ် ဒါပေမယ့် အခုထိက ရဲတွေဆီမှာတောင် မရောက်သေး ဘူးခင်ဗျား တပ်တွေရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အနေအထားမျိုး ရှိပါတယ်။ ပြန်လွှတ်လာမလား ရဲတွေကို လွဲပြောင်းပေးမလား ဆိုတာလည်း မသိသေးဘူး။”

ဖမ်းဆီးခံထားရသည့် အမှုတော်ဆောင်အားလုံးကို ပြန်လွှတ်ပေးရန် ပြည်နယ်အစိုးရထံ စာပေးပို့တောင်းဆိုထားသည် ဟု PCG က ပြောသည်။

“ကျနော်တို့က အဲဒါကို လွှတ်ပေးဖို့ဆိုပြီးမှ ကျနော်တို့ PCG အနေနဲ့ စာတင်ထားတာ ရှိပါတယ်။ ပြည်နယ် အစိုးရဆီမှာ စာတင်ထားတယ်။ မပခကိုတော့ မိတ္တူပေးတယ်။ အခုထိတော့ အကြောင်းပြန်တာ မရှိသေးဘူး။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသအတွင်းရှိ စစ်ဘေးရှောင် စခန်းများသို့ ပြည်သူများ သွား ရောက်သည့်အခါ ၁၇/၁ ကဲ့သို့ ပုဒ်မမျိုးဖြင့် ဖမ်းဆီးခြင်းသည် နှစ်ဖက်တည်ဆောက်နေသည့် ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရာတွင်လည်း အခက်အခဲဖြစ်စေနိုင်သည်ဟု ဦးဆမ်အောင်က ပြောသည်။